မြို့သစ်        ဇွန်       ၂၈

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ ၂၀၂၂ ခုနှစ် နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းကာ သီးနှံပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း သိရသည်။

 

နွေနှမ်းသီးနှံကို နတ်မောက်ဆည် လက်ယာမြောင်း/လက်ဝဲမြောင်း၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်တို့မှ ရေများနှင့် မြေအောက်ရေများ အသုံးပြုကာ ဧပြီလဆန်းပိုင်း ကြားကာလတွင် လယ်မြေးများ၌ ကြဲပက်စနစ်ဖြင့် အများဆုံးစိုက်ပျိုးလေ့ရှိပြီး နှမ်းနက်နှင့် စမုံနက်နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် နှမ်းမျိုးစေ့နှစ်ပြည်ခန့် ကုန်ကျကာ ရေသွင်း၊ ပေါင်းထိုး၊ ဆေးဖျန်း ဆောင်ရွက်ပြီးချိန် ရက်ပေါင်း ၉၀ ကျော်တွင် စတင်နုတ်သိမ်းကြသည်။ အသီးကောင်းလျှင်  တစ်ဧက ပျမ်းမျှအထွက်နှုန်း ၅ တင်းမှ ၁၀ တင်းခန့် ထွက်ရှိကြောင်း၊ ယခုစိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်၌ တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း နွေနှမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

မြို့သစ်မြို့ပေါ်ရှိ ပွဲရုံများတွင် ယခုလက်ရှိ စမုံနက် နှမ်းတစ်တင်းကို ငွေကျပ် ၅၀၀၀၀ ခန့် ပေါက်ဈေးရှိပြီး ဆီကြိတ်လျှင် နှမ်းတစ်တင်းကို ဆီ ခုနစ်ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)