မြို့သစ် နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။

ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ သားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးလျှင်အဖီး များများကျပြီး ကိုးလနှင့် ၁၀ လကြာမှ ငှက်ပျောခိုင်ထွက်သည်။ စိုက်ပျိုးရာတွင်လည်း သားတက်ငယ်ကိုသာ အများဆုံးစိုက်ပျိုးခဲ့ကြသည်။

အဆိုပါငှက်ပျောဆို့များကို စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင်ထွက်ပြီး သုံးလခန့်တွင် ခုတ်၍ ရောင်းချကြသည်။ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၂ ဖီးအထိထွက်ရှိသဖြင့် ရောင်းသူ၊ ဝယ်သူအကြိုက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးဘီအောင်ထံမှ သိရသည်။

“တောင်သူတွေအနေနဲ့ ယခင်ကတစ်နိုင်တစ်ပိုင်သာစိုက်ပျိုး ကြပေမယ့် အရင်းနည်းပြီး အမြတ်များများ ရရှိတာကြောင့် ငှက်ပျောခြံတွေကို ဧကများများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး ထားတာပါ”ဟု မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဖီးကြမ်း ငှက်ပျောခြံပိုင်ရှင်တစ်ဦးက ပြောသည်။ အလားတူ မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာတွင်သာမက မြို့လုလင်ကျေးရွာများတွင်လည်း ငှက်ပျောစိုက်တောင်သူများပြားကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)