မြို့သစ် နိုဝင်ဘာ ၃၀    

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် အောက်ဆီဂျင် လိုအပ်သော အခြားလူနာများအား ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာ ဆံ့ အိုးအလုံးရေ ၁၂၀ ခန့်ထုတ်နိုင်သည့် အောက်ဆီဂျင်စက်ရုံအား ပုလင်းကြီးကျေးရွာအနီး တည်ဆောက်လျက်ရှိရာ အောက်ဆီဂျင်စက် ရောက်ရှိတပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၉၀၀ကျော်ရှိကြောင်း၊ အောက်ဆီဂျင်စက်ထားရှိမည့် မြေနေရာနှင့် စက်ရုံအဆောက်အဦကို မြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက် ထားရှိမည့်စက်ရုံမှာ အလျားပေ၂၀၊ အနံ ၃၆ ပေ နှင့် အမြင့် ၁၃ ပေရှိမည်ဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သော လူနာများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ထံက သိရသည်။

 

သန်းဝင်းထွန်း (ပြန်/ဆက်)