mdn

မြို့သစ် အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယခုနှစ် စိုက်ပျိုးရာသီအတွင်း ဝါမျိုးစုံဧက (၂၃၇၅၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည် (၆)မျိုးများ ရှိသော်လည်း အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်(၁၀)နှင့် ငွေခြည်(၁၁)ဝါမျိုးကို အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ (၁)ဧကလျှင် ဝါပိဿာချိန် ၆၀၀ ခန့်နှင့် ဖြည့်စွက်ရေထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက ဝါပိဿာချိန် ၈၀၀ ခန့်အထိ ထွက်ရှိနိုင်ကာ စက်တင်ဘာလမှစ၍ ဝါများကောက်ယူလျက်ရှိကြောင်း သိရသည်။ 

မြို့သစ်မြို့နယ်တွင် ယခုနှစ် ဝါစိုက်ပျိုးရာသီတွင် ဝါဧက (၂၃၄၅၉) ဧကစိုက်ပျိုးရန် လျာထားပြီး နည်းမျိုးစုံဖြင့် (၂၃၇၅၇)ဧက စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကလည်း တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားရေးအတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး စိုက်ပျိုးပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)