မြို့သစ်   စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် စွန်ဆည်ရေလှောင်တမံတို့သည်  ယနေ့ နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၄၀ ) ပေဖြစ်၍ ရေပြည့်အမှတ်ထက် ( ၁ ဒသမ ၄ ပေခန့် )ရေကျော်ကျလျက်ရှိကာ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ  ၅၀ )ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၅၀ )ပေရှိသဖြင့် ရေပြည့်အမှတ်ထက် (တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

 

ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူ၍    ဆက်လက်အသိပေးနှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)