မြို့သစ် ၁၆ ဇန်နဝါရီ 


မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် မိုးရာသီ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှု ဧရိယာများအပေါ် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကွန်ပေါင်းဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေနံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ဓာတ်မြေသြဇာထောက်ပံ့ပေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးဇော်လင်းနှင့် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းတို့က ဒေသအတွင်း ၂၀၁၈ ခုနှစ် မိုးရာသီ သဘာဝဘေးဒဏ်ကြောင့် သီးနှံပျက်စီးခဲ့သည့် တောင်သူများအတွက် ဓာတ်မြေသြဇာများ ပေးအပ်ရခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ တောင်သူများကိုယ်စား ကွန်ပေါင်းဓာတ်မြေသြဇာများ လက်ခံထုတ်ယူခဲ့ကြသည်။


ဆက်လက်၍ ၂၀၁၈ ခုနှစ် မိုးရာသီ နှမ်းသီးနှံပျက်ဧကစာရင်းပါအတိုင်း ပြောင်းလဲမှုမရှိစေရေး၊ ထုတ်ယူရာတွင် လက်ခံရရှိမှုထုတ်ပေး/လက်ခံပုံစံများစနစ်တကျရယူကာ တောင်သူများအား ထုတ်ပေးလျက်ရှိကြောင်းနှင့် အခမ်းအနားကို မြို့နယ်ဓာတ်မြေသြဇာထောက်ပံ့ရေးအဖွဲ့ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် တောင်သူများ စုစုပေါင်းအင်အား ၁၈၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဇော်ဇော်(မြို့သစ်)