မြို့သစ်   ၂၀   မေ

မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လနှင့် ဧပြီလများတွင် ယာယီရပ်နားထားခဲ့ပြီး  ယနေ့နံနက်  ၉  နာရီက ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မြို့သစ်မြို့နယ်ပြည်သူ့ ဆေးရုံ၏အစည်းအ‌ဝေး ခန်းမ ၌ ဆောင်ရွက်ခဲ့သည်။    

 

"ရှေးဦးစွာ မြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာ သန့်ဇော်မြင့်က ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းများကို ယခင်က လစဉ်ပုံမှန်ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လနှင့် ဧပြီလများတွင် ကာကွယ်ဆေးများ ထိုးနှံခြင်းများကို ယာယီရပ်ဆိုင်းထားခဲ့ကြောင်း ယခုအခါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုအကြိမ် ပြည့်မီစေရန်အတွက် ပြန်လည်ထိုးနှံပေးခြင်း ဖြစ်ကြောင်း‌ ပြောသည်။

 

"ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရန် လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာရည်ဖြင့် လက်ဆေး စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များကို လစဉ်ပုံမှန် ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး အစက်ချနှင့် ထိုးဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ် ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင်အားဆေး ဘီတာမင်ဘီဝမ်းနှင့် ကိုယ်ဝန်ဆောင် သန်ချဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်နှင့် လူစု လူဝေး မဖြစ်ပေါ်စေရန်အတွက် တစ်ရက်လျှင် ၅၀ ဦးနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်များကို မေ ၁၈ ရက်နေ့မှစ၍ မေ ၂၉ ရက်နေ့ထိ ရက်သတ္တနှစ်ပတ်ကြာ နေ့စဉ်ပုံမှန်ထိုးနှံ တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)