မြို့သစ်   ၁၂   ဇွန်

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဆရာ ဆရာမများ သင်ကြားမှုစွမ်းရည် မြင့်မားစေရန်အတွက် Grade – 4 ဘာသာစုံ သင်ရိုးသစ် နည်းပြသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက Onlineမှတစ်ဆင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်  Grade-4 ဘာသာစုံ သင်ရိုးသစ် နည်းပြသင်တန်းဖွင့်လှစ်ပို့ချရာတွင် မြို့နယ်အတွင်းရှိ  အခြေခံပညာမူလတန်းအဆင့် နည်းပြ ဆရာ ဆရာမ ၇၄ ဦးကို  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဂီတ၊ ဘဝတွက်တာ၊ စာရိတ္တ၊ ပန်းချီ၊  ကာယ စသည့်ဘာသာရပ် ၁၀ မျိုးကို   ဇွန်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ Online ကနေ တစ်ဆင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လက်ဆေးဆပ်ပြာ၊ ရေပုံးများထားရှိပေးခြင်း၊ ဆရာ/ဆရာမများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ထားရှိခြင်းဆောင်ရွက်ပြီး သင်တန်းတက်ရောက်ပြီးစီးသည့် နည်းပြ ဆရာ ဆရာမများမှ မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ ဆရာမ ၇၅၂ ဦးကို ဇွန်လ ၁၅ ရက်မှ  ၂၁ ရက်အထိ ထပ်မံ၍ သင်တန်းဖွင့်လှစ်   ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့်  ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် တစ်မြို့နယ်လုံး အခြေခံပညာမူလတန်းအဆင့်   ကျောင်းသားကျောင်းသူ ၁၇၇၀၄ ဦး ရှိခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန် / ဆက်)