မြို့သစ် ဇူလိုင် ၂၂
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ပြည်သူများ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ထိရောက်သော ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ သတိပေးနှိုးဆော်ခြင်းများကို ဇူလိုင် ၂၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့သတိပေးနှိုးဆော်ရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပိုးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာ (Face Shield)များ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင်စနစ်တကျ ဆေးကြောရန် (သို့မဟုတ် ) အယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ သန့်စင်ပေးရန်၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေ အကွာ နေထိုင်ရန်၊ နှာချေခြင်းနှင့် ချောင်းဆိုးသည့်အခါများတွင် နှာခေါင်းနှင့်ပါးစပ်ကို စနစ်တကျ ဖုံးအုပ်ရန်၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရန်အချက်များအား လက်ဆင့်ကမ်း အသိပေးနှိုးဆော် ဆောင်ရွက်ကြရန်နှင့် မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများ ရှောင်ရှားရန်၊ ကိုယ်ခံအားကောင်မွန်စေရေး အလေးထား နေထိုင်သွားကြရန်၊ မိမိတွင် အနံ့ပျောက်ခြင်းနှင့် ဖျားနာခြင်း သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့် ကိုဗစ်၁၉ ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို လိုက်လံသတိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ယခုကဲ့သို့ အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


