မြို့သစ်  ၉  မေ

 

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ‌ရေးနှင့် ရာသီဥတု‌ ဖောက်ပြန်မှုအား လျှော့ချနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် မကွေးခရိုင် မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း  ၂၂၉၀ဝ ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

2036985

 

"မိုးရာသီ သစ်ပင်စိုက်ပျိုးဖို့အတွက်  မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ( ၂၂၉၀ဝ ) ပင် ကို ၂၀၁၉ ခု၊ ဒီဇင်ဘာလထဲက စတင်ပျိုးထောင်ထားရှိပါတယ်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် မြေဆီ၊ မြေဩဇာ တိုးပွားစေခြင်း၊ ရာသီဥတု အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုးမှု ထိန်းသိမ်း ပေးနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ အခုပျိုး‌ထောင်ထားရှိတဲ့ ပျိုးပင်တွေ ကို  ၂၀၂၀ ပြည့်နှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် သတ်မှတ်ထားသည့်နေရာများမှာ စိုက်ပျိုးသွားမှာဖြစ်ပြီး ဘုန်း‌တော်ကြီး ကျောင်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ အဖွဲ့အစည်းများ၊ စာသင်ကျောင်း များ အပါအဝင် မိမိနေအိမ် ခြံဝင်းနှင့် ဥယျာဉ်ခြံ‌မြေများအတွင်း စိုက်ပျိုး လိုသူများကိုလည်း ပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း"မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။

 

""မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနပျိုးဥယာဉ်တွင် ယင်းမာ (၂၀ဝ၀) ၊ ရေတမာ ( ၃၀ဝ )၊ခရေ( ၅၀ဝ ) ၊ စိန်ပန်းကြီး (၁၀ဝ၀) ၊ စိန်ပန်းလေး (၁၀ဝ၀)၊ တမာ ( ၃၀ဝ )  ၊ ဗန်ဒါ(၂၀ဝ)၊ လျှော်ဖြူ (၅၀ဝ၀) ၊ မယ်ဇလီ (၁၀ဝ၀) ၊ ဇီးဖြူ (၂၅၀ဝ) ၊ မြန်မာကုက္ကို(၃၀ဝ) ၊ ယူကလစ် ( ၈၈၀ဝ ) စုစုပေါင်းပျိုးပင် (၂၂၉၀ဝ)ကို လျာထားပျိုးထောင်ထားပြီး အပိုဆောင်းအနေဖြင့် ပျိုးပင်များကို လည်း ပျိုးထောင်ထားရှိကြောင်းသိရသည်။

 

သန်းဝင်းထွန်း ( ပြန်ဆက် )