မြို့သစ် ၁၅ မေ
မကွေးခရိုင်၊ မြို့သစ်မြိုနယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၂၀၂၀) ပြည့်နှစ်၊ မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၅) ရက်နေ့မှစတင်၍ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါသည်။
"၂၀၂၀ မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် တောင်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအနေဖြင့် နှာခေါင်း စည်း(Mask)များ တပ်ဆင်မှသာ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး လက်ဆေးဘေစင်၊ လက်ဆေးဆပ်ပြာရည် ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာ နေရာသတ်မှတ် ထားရှိခြင်း၊ စာအုပ်ထပ်ရန်နေရာ၊ ငွေထုတ်ရန် နေရာများ သတ်မှတ်ထားရှိကာ နေ့စဉ်တောင်သူဦးရေ (၁၀ဝ)ဦးသာ ထုတ်ပေးမှာဖြစ်ပြီး ရုံးဝန်းအတွင်း ပိုးသတ်ဆေးရည်ပက်ဖျန်းခြင်းများ ဆောင်ရွက်ထားရှိပါတယ်"ဟု မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်နှင်းယုဆွေမှ ပြောပြ၍သိရပါသည်။
မြို့သစ်မြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ၊မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမည့် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း (၄၅)အုပ်စု၊တောင်သူဦးရေ(၁၂၅၀ဝ)ဦးရှိကာ လယ်ယာမြေ ဧကပေါင်း (၇၁၂၅၀)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေပေါင်း ကျပ်သိန်း(၉၀ဝ၀ဝ)လျာထားပြီး ရပ်ကွက် အုပ်စုများကို သတ်မှတ်ထားသည့် ရက်များအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းနေ


