မြို့သစ်တွင် ကြက်သွန်နီစျေးကွက် အနည်းငယ်မြင့်တက်လာ

မြို့သစ်   ဇွန်  ၁၃

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ကြက်သွန်နီ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိကြောင်း သိရသည်။

 

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀)ကျပ် ရောင်းချနေရပြီး ကြက်သွန်နီထွက်ကုန်များ နည်းပါးလာပြီး ဈေးကွက်အတွင်းဝင်ရောက်မှု နည်းလာသည့်အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

 

ကြက်သွန်နီစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်က ကြက်သွန်နီများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုအခါ စိုက်နည်းစနစ်များလေ့လာ၍ မြေအောက်ရေအသုံးပြုကာ ရာသီမရွေး စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် နွေရာသီအတွက် ကြက်သွန်နီထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေး မြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင် ကြက်သွန်နီစျေး တစ်ပိဿာ(၅၀၀/၁၀၀၀)ကျပ်စျေးအထိ စျေးကျဆင်းခဲ့ပြီး ယခုအခါ ကြက်သွန်နီ တစ်ပိဿာ(၂၀၀၀)ကျပ် ရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ကြက်သွန်နီစိုက်ပျိုးသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

သန်းဝင်းထွန်း(ပြန်ဆက်)