ပွင့်ဖြူ  အောက်တိုဘာ  ၂၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီး စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် အရံစေတီ(၈)ဆူ ထိခိုက်ပျက်စီးခဲ့သဖြင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းကစတင်ပြီး အလှူရှင်မိသားစုက ပြန်လည်ပြုပြင်မွမ်းမံ နေပြီဖြစ်ကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

 

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးအား ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေးအတွက် အောက်တိုဘာ ၁၉ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် မိသားစုက ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မာစာရ(သာသနာ့ဓဇ ဓမ္မာစရိယ) အား လာရောက်ဖူးမြော်ကြည်ညိုကာ ဘုရားပြုပြင်ရန်ကိစ္စရပ်များကို လျှောက်ထားပြီး ဆရာတော်ကြီးထံ အလှူငွေကျပ် သိန်း ၂၀၀ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့မြို့နယ်ရဲ့ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဟာ အောက်တိုဘာ ၁၇ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကြီးရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ အရံစေတီ(၈)ဆူ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဘုရားရင်ပြင်တော်မှာရှိတဲ့ ပြဿဒ်ဆောင်အချို့နဲ့ တန်ဆောင်းအချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒေသခံပြည်သူတွေနဲ့ ရပ်ဝေးရပ်နီးက ဘုရားဖူးဧည့်သည်တွေ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဒီနေ့မနက်ပိုင်းကစပြီးတော့ အလှူရှင်မိသားစုက စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီးရဲ့ နာယကဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာစာရ(သာသနာ့ဓဇဓမ္မာစရိယ)၏ ဆန္ဒတော်အတိုင်း ပြန်လည်ပြုပြင်မွမ်းမံနေပြီ ဖြစ်ပါတယ်။ ဘုရားကြီးပြုပြင်မွမ်းမံခြင်းအပိုင်းကိုလည်း သီတင်းကျွတ်လမကွယ်မီ ပြီးစီးအောင် ပြုပြင်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးဂေါပကအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ဦးကြည်စိုး က ပြောကြားသည်။

ရဲဝင်းနိုင် (ညောင်ဦး )