ကန်ကြီးထောင့် နိုဝင်ဘာ ၁၇
မျိုးသန့်စပါးများဖြစ်သည့် ဆင်းသုခ၊ ပခန်း၊ သီးရင်၊ မှော်ဘီ အစရှိသည့် စပါးအစို တင်း ၁၀၀ လျှင် ငွေကျပ်ရှစ်သိန်းအထိ ဈေးအမြင့်ဆုံးရရှိကြောင်း ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာရှိ မျိုးသန့်စပါးများ စိုက်ပျိုးသော တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
ကွင်းယားကြီးကျေးရွာတွင် မျိုးသန့်စိုက်ပျိုးသော စံပြလယ်ဧက ၁၀၀ ရှိပြီး ဆင်းသုခ၊ ပခန်း၊ သီးထပ်ရင်၊ မှော်ဘီ အစရှိသည့် မျိုးသန့်စပါးများကို စိုက်ပျိုးကြောင်းသိရှိရကာ မျိုးသန့်စပါးစိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧကကုန်ကျစရိတ် ငွေကျပ်သုံးသိန်းခွဲခန့် ကုန်ကျမှုရှိကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ စပါးအစို တင်း ၁၀၀ အထိ ထွက်ရှိကြောင်း၊ မိုးစပါးရိတ်သိမ်းရာသီတွင် ဆင်းသုခမျိုးသန့်စပါးအစို တင်း ၁၀၀ ကို ငွေကျပ်ရှစ်သိန်းအထိ ဈေးအမြင့်ဆုံးရပြီး စပါးကုန်သည်များကလည်း စပါးရိတ်သိမ်းသည့် နေရာအထိ လာရောက်၍ စောင့်ဆိုင်းဝယ်ယူခြင်းများရှိကြောင်း တောင်သူ ဦးစိုးအောင်က ပြောသည်။
မျိုးသန့်စပါးမဟုတ်သော ရိုးရိုးစပါး ဆင်းသုခအမျိုးမှာလည်း အစို တင်း ၁၀၀ လျှင် ၆၃၀၀၀၀ အထိ စပါးကုန်သည်များက ဈေးကောင်းပေး ဝယ်ယူလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)



