၉ ဧပြီ
ရာသီစက်ဝန်းက တစ်ပတ်လည်ခဲ့ပြီ။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်တော့မည်။ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ဖြစ်သည်။ နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့ (၁၇-၄-၂၀၁၉) ရက်နေ့သည် နှစ်ဆန်း ၁ ရက်နေ့ ဖြစ်သည်။ မြန်မာ့ ၁၂ လသည် တန်ခူးကစတင်ပြီး တပေါင်းတွင် အဆုံးသတ်သည်။ ထို့ကြောင့် တန်ခူးလသည် မြန်မာတို့၏ နှစ်ဦးလ၊ နှစ်သစ်ကူး အခါသမယဖြစ်သည်။
တန်ခူးလ
တန်ခူးလကို ပုဂံခေတ်က “တန်ခူ” ဟု ရေးသည်။ အနောက်ဘက်လွန်မင်း လက်ထက် ကောင်းစစ်လေးမှူး ဇေယရန္တမိတ် စပ်ဆိုသော “ပုရစ်ဖြာစီချီရတု” တွင် “တန်ခူးရာသီတိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီလှိုင်ခဲ့ပြီ၊ သွန်းမြူးဖြာစီအိုင်ခဲ့ပြီ” ဟူ၍ လည်းကောင်း၊ သက္ကရာဇ် ၉၇၁ ခု ကေတုမတီတောင်ငူဘုရင် မဟာဓမ္မရာဇာ “နတ်ရှင်နောင်” ၏ ရတုတွင် “ဘယ်ဝေ့ညာကူး၊ ပုံမထူးသည့်၊ တန်ခူးလေနှင့် လျော်တော့၏” ဟူ၍လည်းကောင်း ရေးသားကြောင်းကို “မဟာဇေယသင်္ခယာ” ၏ “ဝေါဟာရလီနတ္ထဒီပနီ” တွင် တွေ့ရသည်။ အချို့သော ပျို့ ၊ ကဗျာများတွင် “တာကူး” ဟူ၍လည်း ရေးသားကြောင်း တွေ့ရသည်။ တာကူးဟူသော အရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားခြင်းဖြစ်သည်။ တာကူးမှ တန်ခူးသို့ ရွေ့လျားသည်ဟုလည်း ယူဆကြသည်။ သို့သော် “တာ” ဟူသည်မှာ အချိန်အခါ၊ နှစ်၊ ရာသီဥတုဟု အဓိပ္ပာယ်ရပြီး “ကူး” ဟူသည် ကူး ပြောင်းခြင်းဖြစ်၍ “တာကူး=နှစ်ပြောင်းခြင်း” ဟု ယူဆရန်ရှိသည်။ တန်ခူးဟုဆိုရာ တွင် “တန်(ဝါ)တန်း}} မှာ “ထန်း” နှင့် အနက်တူပြီး “ခူး” ဆိုသည်မှာ “ဆွတ်ခူးခြင်း” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် တန်ခူးလဟူသည် “ထန်းသီးဆွတ်ခူးသောလ”ဟု မှတ်ယူကြသည်။
“တန်ခူးလ၏ ရာသီအမည်မှာ ပါဠိအားဖြင့် “မေသာ”၊ မြန်မာအားဖြင့် “မိဿ”၊ လက်တင်ဘာသာအားဖြင့် “အေးရီးစ်” (Aries) ဖြစ်သည်။ “မေသာ” ဟူသော ကမ္ဘာဦးကာလ ခေါ်ဝေါ်ကြသော မူလဘာသာတွင် ဧ-သရ ကို ဣ-သရ ပြု၍ (မိဿ) ရာသီခေါ်တွင်သည်။ ထိုမေသာသဒ္ဒါကား- ဆိတ်သတ္တဝါဟောတည်း” ဟု ဝေါဟာရ လီနတ္ထဒီပနီတွင် ဆိုသည့်အတိုင်း ရာသီရုပ်မှာ “ဆိတ်ထီး၊ သိုးထီး” ဖြစ်သည်။ လပြည့်စန်းယှဉ်နက္ခတ်မှာ “စိတြ” ဖြစ်သည်။ နက္ခတ်သည် မြှုံးသ္ဌာန်ရှိသော “ရေဝတီနက္ခတ်” ဖြစ်ပြီး တာရာမှာ “ဥဗျိုင်း၊ ရေငှက်တာရာ” ဖြစ်သည်။ ရာသီပန်းတို့မှာ ပိတောက်၊ ကံ့ကော်၊ သရဖီ၊ ရင်ခတ်ဖြစ်သည်။
တန်ခူးလတွင် နေ့နာရီ ၃၀၊ ညနာရီ ၃၀ အညီအမျှ ရှိသည်။ တွက်ချက်ပုံမှာ “ပတ်၊ သံ၊ တာ၊ ရှည်၊ တီး၊ သံ၊ မြည်၊ လက်၊ ဆည်၊ ကန်၊ စာ၊ ရေး” ဟူသည့် သံပေါက် အရ တန်ခူးလအတွက် ပတ်=ကြာသပတေး=၅ ရသည်။ ရသည့်ဂဏန်းကိန်းကို ၁၀ နှင့်ပေါင်း၍ နှစ်ဖြင့် မြှောက်ရသဖြင့် ၅+၁၀_၂=၃၀ ရသည်။ မြန်မာနာရီသည် တစ်နေ့နာရီ ၆၀ ဖြစ်ပြီး စက်နာရီ ၂၄ နာရီနှင့် ညီမျှသဖြင့် မြန်မာတစ်နာရီ၌ စက်နာရီ ၂၄ မိနစ်ရှိသည်။ သို့အတွက် တန်ခူးလတွင် နံနက် ၆ နာရီ နေထွက်ပြီး ညနေ ၆ နာရီတွင် နေဝင်ကြောင်း ဆရာကြီးမောင်ထင်၏ “မြန်မာ့ဆယ့်နှစ်လအကြောင်း” တွင် လေ့လာမှတ်သားရသည်။ တန်ခူးလတွင် ဗုဒ္ဓဟူးနှင့် သောကြာတို့သည် “ရက်ရာဇာများ” ဖြစ်ပြီး ကြာသပတေးနှင့် စနေတို့သည် “ပြဿဒါးရက်များ” ဖြစ်သည်။
သင်္ကြန်အစ ဒေဝဒဟ
သင်္ကြန်ဟူသော စကားမှာ “သက္င်္တ” ၊ သဒ္ဒါကား ပြောင်းလွဲခြင်းအနက်ရသည်။ သက္ကဋကျမ်းအလိုက အက္ခရာမှာ ရရစ်နှင့် မြန်မာတို့မှာ (သင်္ကြန်)ခေါ်ဝေါ်ကြသည်။ (ဝေါဟာရလီနတ္ထဒီပနီ)။ မိဿ၊ ပြိဿ၊ မေထုန်စသည့် ၁၂ ရာသီခွင်တွင် တနင်္ဂနွေဂြိုဟ်မင်းသည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းရောက်ရှိချိန်ကို သင်္ကြန်ကျ သည်ဆို၏။ အချို့ကလည်း ဟိန္ဒူဗြဟ္မဏဒဏ္ဍာရီအရ ကမ္ဘာဦးကာလက သိကြားမင်းနှင့် အာသီအမည်ရှိသော ဗြဟ္မာမင်းတို့သည် ဗေဒင်ကိန်းခန်း တစ်ခုကို တစ်ဦးကခုနစ်ခုနှင့် စားရသည်။ တစ်ဦးကရှစ်ခုနှင့်စားရသည် စသဖြင့် အငြင်းအခုံဖြစ်ကြရာ နိုင်သူက ခေါင်းဖြတ်စတမ်း အလောင်းအစားလုပ်ပြီး လူ့ပြည်မှ ကဝါလမိုင်းဆရာကြီးထံ အဆုံးအဖြတ်ခံရာ ဗြဟ္မာမင်းရှုံးသဖြင့် ခေါင်းဖြတ်ခံရကြောင်း၊ သို့သော် ဗြဟ္မာမင်း၏ ဦးခေါင်းဖြတ်ပြီးခါမှ သမုဒ္ဒရာတွင်းသို့ ပစ်ချပါက သမုဒ္ဒရာရေများ ခန်းခြောက်ကာ သတ္တဝါများ သေကျေပျက်စီးမည်၊ မြေပြင်ပေါ်သို့ ပစ်ချပါကလည်း မီးဟုန်းဟုန်းတောက်၍ သတ္တဝါများမျိုးသုဉ်းမည်၊ လေထဲပစ်ချပါကလည်း ရာသီဥတုဖောက်ပြန်မည်ဖြစ်၍ သိကြားမင်းက နတ်သမီးခုနစ်ဖော်အား တစ်ပါးလျှင် တစ်ရက်ကျစီ ကိုင်ဆောင်စေကြောင်း၊ နတ်ပြည်တစ်ရက်သည် လူ့ပြည်တစ်နှစ်နှင့် ညီမျှသဖြင့် နတ်သမီးတစ်ပါးမှ နောက်တစ်ပါးထံသို့ ဗြဟ္မာမင်းကြီး၏ ဦးခေါင်းလွှဲပြောင်းပေးအပ်ချိန်သည် တစ်နှစ်တာကုန်ဆုံးပြီး နှစ်သစ်သို့ ရောက်ရှိကြောင်း၊ ဤသည်ကို အစွဲပြု၍ သင်္ကြန်ကျခြင်းဖြစ်ကြောင်း အယူအဆများလည်း ရှိသည်။
ရှေးမြန်မာဘုရင်တို့သည် ဦးခေါင်းဆေးလျှော်သည်ကို သင်္ကြန်ဟုခေါ်သည်။ (သင်္ကြန်ယင်=ခေါင်းဆေးမင်္ဂလာပြုသည်။) ခေါင်းဆေးမင်္ဂလာသုံးမျိုးရှိသည်။ တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်သော “ပကတိသင်္ကြန်”၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း ကံညံ့ဖျင်းလျှင် ခေါင်းလျှော်သော “သင်္ကြန်လက်” နှင့် ဘိသိက်ခံယူသောအခါလျှော်သော “မဟာသင်္ကြန်” တို့ဖြစ်သည်။ သို့ဖြစ်ရာ သင်္ကြန်အခါ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သပြေခက်နှင့် ရေပက်ကစားခြင်းတို့မှာ အေးချမ်းသာယာစေလိုသည့် သဘော၊ အဆိုးအညံ့များ ကင်းစင်ပြီး အကောင်းများ ရောက်ရှိစေလိုသည့် သဘောတို့ကို တွေ့ မြင်ရလေသည်။
“မိဿရာသီသို့ အပြောင်း(မဟာဝိသုဝသင်္ကြန်) အခါ ရေဖျန်းပက်ကစားကြသည်မှာ- ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရေအိုင်ကြီးအနီး၌ မင်းတဲဆောက်၍ ရေဖျန်းသဘင်ပျော်ရွှင် ကစား ကြောင်း၊ ထိုတွင် မြို့ ပြတည်၍ “ဒေဝဒဟပြည်” တွင်ကြောင်းကို သာသနာ တော်ဝင်ကျမ်းကြီးများတွင် လာသည်။” ဟု ဝေါဟာရ လီနတ္ထဒီပနီတွင် လေ့လာ တွေ့ရှိရသဖြင့် “သင်္ကြန်အစ ဒေဝဒဟက” ဟု ဆိုနိုင်လေသည်။
ရှေးခေတ်သင်္ကြန်
သင်္ကြန်ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ပုဂံခေတ်မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်နှစ် ၁၂၉၁ ခုနှစ်)တွင် ရေးထိုးခဲ့သော စောလှဝန်းဘုရားကျောက်စာ၌ အစောဆုံးတွေ့ရှိရသည်ဟု ဆိုသဖြင့် ပုဂံခေတ်ကတည်းက သင်္ကြန်ပွဲတော်ကျင်းပသည့် အစဉ်အလာရှိကြောင်း လေ့လာသိရှိရသည်။ ဝေါဟာရလီနတ္ထဒီပနီတွင် “မဟာရာဇဝင် ကျမ်းတွင်လည်း ပုဂံပြည် နရသီဟပတေ့ တရုတ်ပြေးမင်းလက်ထက် နွေလအခါ ရေဖျန်းကစားမြဲဖြစ်၍ နန်းတော်ကသည် မြစ်ဆိပ်တိုင်အောင် တစ်လျှောက်တည်း တဲဆောက်ပြီးသော်၊ လူမမြင်သာအောင် ကာရံပြီးသော်၊ နန်းတော်က မိဖုရားမောင်းမတို့နှင့်တကွ တဲတန်းဥမင်ထည်းကို ကြွသွား၍ ရေဆိပ်မှာ ရေကစားကြောင်းကို ဆိုသည်။” ဟု ဖော်ပြသည်။ စာရေးသူတို့ နိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယဉ်ကျေးမှုချင်း နီးစပ်သော အချို့နိုင်ငံများ၏ သင်္ကြန်ပွဲတော်ထက် ကြီးကျယ်သည်၊ ရှေးအင်းဝခေတ်ကပင်လျှင် အင်္ဂလိပ်စသော တိုင်းတစ်ပါးတို့က နှစ်သက်ဖွယ်ရာ မှတ်တမ်း တင်ထားကြကြောင်းကိုလည်း လေ့လာသိရှိရသည်။ “ရွှေခွက်အပြည့် မွှေးမျိုးထည့်မှ၊ လှည့်လည်ဆူလှယ်၊ တင့်စံပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရေ၊ ဖျန်းတည့်လေ၊ ပွင့်လင်းစည်သည် ရွှေပြည်ရွှေဝ နန်းတည့်လေ” ဟူသော အင်းဝမြို့ ဘွဲ့လူးတားတွင် အင်းဝခေတ်သင်္ကြန်ရေကစားပုံကို တွေ့နိုင်ပါသည်။ ရှေးခေတ် သင်္ကြန်ပွဲတော်ကျင်းပရာတွင် ဘုရင်မင်းမြတ်က သင်္ကြန်အမိန့်စာကို ထုတ်ပြန်ကြောင်း၊ သင်္ကြန်ကျသည့် အချိန်အခါကို ပြည်သူများသိစေရန် ရွှေမောင်းနှင့် ဗဟိုစည်တီးခတ်ပေးကြောင်း၊ အမြောက်ပစ်ဖောက်ကြောင်း၊ အဆိုပါ အချက်ပေးသံကြားသည်နှင့် တစ်ပြိုင်နက် ပြည်သူတို့က မိမိတို့အိမ်ရှေ့တွင် သင်္ကြန်ကြိုသော အတာရေအိုးမှရေကို မြေပေါ်သို့ သွန်းလောင်းပြီး မေတ္တာပို့ကြကြောင်း၊ ထို့နောက် သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ဟူသည့် သုံးရက်တွင် တစ်ဦးနှင့်တစ်ဦး ရေစင်ပက်ဖျန်းကြသည်။ “ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်” သော အမွှေးအကြိုင်တို့ကို ဖလားတွင်ထည့်၍ ဂွမ်းဆွတ်ပြီး အတာရေလောင်းကြခြင်းဖြစ်ကြောင်း သိရသည်။ သင်္ကြန်ကြိုသည် ဟူသည်မှာ “ခုနစ်နေ့နံပန်းများ ထိုးစိုက်ထားသည့် အတာအိုးဖြင့်” “တစ်နှစ် ပြည့်ပြီးဖြစ်ကြောင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြစေလိုကြောင်း” နှိုးဆော်ရန် လူ့ပြည်သို့ ဆင်းသက်လာသည့် သိကြားမင်းအား ကြိုဆိုခြင်းဖြစ်ကြောင်း သိရသည်။ လူ့ပြည်သို့ ဆင်းသက်လာသည့် သိကြားမင်းက ကုသိုလ်ကောင်းမှု ပြုလုပ် သူများကို ရွှေပုရပိုက်နှင့် ရေးမှတ်ပြီး အကုသိုလ်မကောင်းမှု ပြုလုပ်သူများကို ခွေးသားရေပုရပိုက်တွင် ရေးမှတ်သွားသည်ဟူ၍လည်း မှတ်သားမိပါသည်။
စောလုံဥပမာ သတိပြုစရာ
သင်္ကြန်သည် မြန်မာတို့၏ တစ်နှစ်တွင် တစ်ကြိမ်သာ ဆင်နွှဲရသော နှစ်သစ်ကူး မင်္ဂလာသဘင်ဖြစ်သည်။ နွေရာသီခရမ်းလွန် ရောင်ခြည်မြင့်မားချိန်တွင် တစ်ဦးနှင့်တစ်ဦး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ အေးမြကြည်လင်စေလိုသော ရည်ရွယ်ချက်ဖြင့် မေတ္တာရေစင် အတာရေသွန်းလောင်းကြခြင်းဖြစ်၏။ အတာရေတွင် “အေးမြကြည်လင်ခြင်း၊ အညစ်အကြေးများကို ဆေးကြောသန့်စင်စေနိုင်ခြင်းနှင့် ရေကိုသား၍ အကြားမထင်သကဲ့သို့ တစ်ဆက်တစ်စပ်တည်းရှိခြင်း” တည်းဟူသော မင်္ဂလာနိမိတ်သုံးပါးရှိသည်။ ထိုသို့မင်္ဂလာနိမိတ်ရှိသော အတာရေဖြင့် ယဉ်ကျေးစွာ ပက်ဖျန်းခြင်းသည် တစ်ဦးနှင့်တစ်ဦး (ပက်ဖျန်းသူနှင့် ပက်ဖျန်းခံသူ) ပျော်ရွှင် ကြည်နူးရင်းနှီးချစ်ကြည်မှုကို ရစေပါသည်။ သို့သော် အတာရေပက်ဖျန်းခံရသူ ကျေနပ်ကြည်ဖြူခြင်းမရှိသော ပုံစံဖြင့် ယဉ်ကျေးမှုကို ကျော်လွန်ကာ ကြမ်းတမ်းစွာဖြင့် အတာရေပက်ဖျန်းပါလျှင် မင်္ဂလာမှ အမင်္ဂလာသို့ ပြောင်းလဲသွားပေမည်။ ဤသည်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပုဂံရာဇဝင် လေးချိုးကြီးတွင် “ဒေါပုံ အလှည့် သံသရာရေအပြင်မှာ ကြွားသူတို့ကဖြင့် ၊ သဘောမဆုံသနဲ့ မခံချင်ပါလျှင်လည်း မကစားကြလေနဲ့၊ ချောဂုဏ်နဲ့ နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇဝင် တရား” ဟူ၍ စပ်ဆိုသတိပေးခဲ့သည်။ ဖြစ်ပျက်ပုံမှာ ကောဇာသက္ကရာဇ် ၆၁၇ တွင် ပုဂံထီးနန်းစိုးစံသူ နရသီဟပတေ့ (မင်းခွေးချေး)သည် “မဟာဝိသုဝသင်္ကြန်”(တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသောပွဲတော်) သဘင်ဆင်နွှဲရာတွင် အလွန်တရာ ချစ်ခင်မြတ်နိုးသော မိဖုရားစောလုံအား ကျီစယ်လိုသဖြင့် “မိဖုရားစောလုံ တစ်ကိုယ်လုံး စိုရွှဲအောင် ရေပက်ကြစေ” ဟု မောင်းမမိဿံတို့အား အမိန့်တော်ရှိ၏။ ထိုအခါ စောလုံလည်း ရေအပက်ကြမ်းမှုအပေါ် မခံမရပ်နိုင်ဖြစ် အရှက်ရသဖြင့် ဘုရင်အပေါ်စိတ်ခုကာ ပွဲတော်တွင် အဆိပ်ခတ်တည်ခင်းလေ၏။ သို့ရာတွင် ကံအားလျော်စွာ ဘုရင်က ခွေးကို အရင်ကျွေးကြည့်လိုက်ရာ အဆိပ်မိ၍ ခွေးသေသဖြင့် အမျက်ဒေါသပြင်းစွာထွက်ပြီး မိဖုရားစောလုံအား ဖိုကျင်ထိုး၍ သတ်စေခဲ့လေသည်။ ဤဖြစ်ရပ်ကို သံဝေဂထား၍ အပျော်မှအပျက် မဖြစ်စေရေး သတိရှိကြစေလိုပါသည်။
အတာရေဖြာဝေသွန်းလို့ရယ်
မျက်မှောက်ကာလ မြန်မာနိုင်ငံဝယ် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးတို့ကို ကြိုးပမ်းအားထုတ်နေသည့် အခါသမယ ဖြစ်ပါသည်။ ဤကာလဝယ် နိုင်ငံတော်အစိုးရက “စုပေါင်းအင်အား” ကို အလေးထားပြီး နိုင်ငံ၏စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် သန္နိဋ္ဌာန်ချထားသည်နှင့်အညီ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း မိမိတို့၏ စိတ်သ္တာန်တွင်ရှိသော အညစ်အကြေး များကို နှစ်ဟောင်းတွင် ခဝါချခဲ့ပြီး မင်္ဂလာနှစ်သစ် ၁၃၈၁ တွင် လူသစ်စိတ်သစ် အားမာန်သစ်တို့ဖြင့် စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ဖြေရှင်းကြရန်ဖြစ်ပါသည်။ နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ဆရာကြီး မင်းသုဝဏ်၏ “မိုးသင်္ကြန် ရေသောက်လို့၊ ရွှေပိတောက်တဝါဝါ၊ သင်းကြူနံ့ဖြာ၊ ကျွန်ုပ်တို့ဆီမှာ သာပါရဲ့ ဗုံမောင်း၊ မောင်ကြီးမာပါစေတဲ့၊ မလေးမာပါစေတဲ့၊ အတာရေ ဖြာဝေသွန်း လို့ရယ် ညွှန်းကြဆုတောင်း” ဟူသည့် ကဗျာစာသားအတိုင်း သက္ကရာဇ် ၁၃၈၁ မှသည် ရှေ့လျှောက်လှမ်းကြမည့် ခရီးဝယ် ကျန်းမာချမ်းသာစွာဖြင့် အောင်မြင်မှု များစွာကို ထွေးပိုက်နိုင်ကြပါစေကြောင်း အတာရေစင်သွန်းလောင်းကာ ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။ ။
မောင်ခိုင်မာ (အထက်မင်းလှ)