ကျီခါး စက်တင်ဘာ ၁
ချင်းပြည်နယ် ကျီခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကျီခါး-တွန်းဇံလမ်းပိုင်း မိုင်တိုင်(၇၁-၇၂)အကြားတွင် လမ်းမြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျီခါးမြို့တွင် ဩဂုတ် ၃၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းက ကျီခါး-တွန်ဇံလမ်းပိုင်း ကျီခါးမြို့မှ(၉)မိုင်ခန့်အကွာ ဆောင်းဟွေ့ကျေးရွာလမ်းခွဲအနီး မိုင်တိုင် (၇၁-၇၂)အကြားတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကတ္တရာလမ်း ပေ(၂၀၀)ခန့်နှင့် လမ်းပခုံးသား ပေ(၄၀၀)ခန့် အောက်သို့ ကျွံကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ ကျီခါးမြိုအုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ ကျီခါးနယ်မြေရဲစခန်းမှူး ဒုရဲမှူး၀င်းဗိုလ်၊ မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန်နှင့် လမ်းဦးစီးဌာနမှ တာ၀န်ခံအင်ဂျင်နီယာ ဒေါ်ဒိမ့်ဟောက်ဝုန်တို့ သွားရောက်ကြည့်ရှုခဲ့ပြီး ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဒေါ်ဒိမ့်ဟောက်ဝုန် ဦးဆောင်သည့် ကျီခါးမြို့ လမ်းဦးစီးဌာနမှ လမ်းတူးစက်ဖြင့် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ကျီခါး ပြန်/ဆက်)


