လွိုင်ကော် ၆ သြဂုတ်
လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အချို့သည် ကုန်းနိမ့်ပိုင်းတွင် တည်ရှိပြီး မိုးကာလတွင် ရံဖန်ရံခါ မိုးသည်းထန်စွာ ရွာသွန်းချိန်၌ နေအိမ်အချို့နှင့် အများပြည်သူဆိုင်ရာ ဈေးနေရာများသည် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့လျက်ရှိရာ ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့မွန်းလွဲပိုင်းက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး၊ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်၊ ငွေပန်းလမ်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းစဉ်ကာလ၌ ရေနစ်မြုပ်မှု အခြေအနေများအား အနိမ့်ဆုံးအပိုင်းတွင် နေထိုင်သည့် ပြည်သူများထံသို့ မေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ဖြစ်ပေါ်နေမှုဖြစ်ရာ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့မှ လျာထားမှု အခြေအနေအား တင်ပြစေခဲ့သည်။
အဆိုပါ နမ့်ဘော်ဝမ် (ခ)ရပ်ကွက်၊ ငွေပန်းလမ်း (၁၆၄၀×၁၂) ပေ မြေမှ ကတ္တရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်ရေး လျာထားပြီးဖြစ်ရာ လမ်းလုပ်ငန်း သာမက ရေဝပ်နစ်မြုပ်မှု ဖြေရှင်းနိုင်မည့် ရေမြောင်းလုပ်ငန်းများအား ဘဏ္ဍာရေး မူဘောင်နှင့်အညီ ထည့်သွင်းစီမံနိုင်ရေး တင်ဒါခေါ်ယူချိန်အမီ စနစ်တကျ စီမံသတိပြု ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောဓမ္မရပ်ကွက်သို့ ရောက်ရှိပြီး နှစ်စဉ် ရေဝပ်နစ်မြုပ်မှု ဖြေရှင်းနိုင်ရန် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားသည့် လုပ်ငန်းအား ရပ်ကွက်နေ ပြည်သူနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။
လောဓမ္မရပ်ကွက် ရေဝပ်မှုနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍရေးနှစ်တွင် ဦးလှဖေကန် ဆယ်ယူတူးဖော်ခြင်းလုပ်ငန်း၊ သီရိမင်္ဂလာလမ်း ဦးလှဖေကန် ရေလွှတ်မြောင်း ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း၊ သီရိမင်္ဂလာဈေး ဆန်တန်းရှေ့ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်ဆန်တန်းရှိ မြောင်းမှတစ်ဆင့် ဘီလူချောင်းအတွင်း ပို့လွှတ်နိုင်ရေး လျာထားပြီးဖြစ်ရာ အဆိုပါနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများ အနေဖြင့် ယခုနှစ်တွင် အဆိုပါရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ပေးသွားရန်၊ လာမည့် ဘဏ္ဍာနှစ်တွင် ရေနုတ်မြောင်းအား အုတ်စီရေမြောင်း ပြုလုပ်ရာတွင် စနစ်တကျ ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ကော်မတီများမှ စနစ်တကျ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရန်နှင့် ရပ်ကွက်နေပြည်သူများ အနေဖြင့်လည်း ရေနုတ်မြောင်း တစ်လျှောက် အမှိုက်စွန့်ပစ်မှု မရှိစေရေး၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)