တနိုင်း ၃၁ ဇူလိုင်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနိုင်း-မြစ်ကြီးနားသွား လီဒိုလမ်းမကြီးတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မိုးကောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်၃၀ရက် မွန်းလွဲ ၃ နာရီက မိုးကောင်းမြို့နယ် အတွင်းရှိ တနိုင်း-မြစ်ကြီးနားသွား လီဒိုလမ်းမကြီးတွင် မြေပြိုကျမှု ဖြစ်ပွားကြောင်းသတင်းအရ မိုးကောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လီဒိုလမ်းမကြီးရှိ လွယ်လီယန်ကျေးရွာ မကောက်ဇွတ်တောင်ကြားရှိ လမ်းမိုင်တိုင်အမှတ်(၁၄ ဒသမ၅) ကီလိုမီတာနှင့်(၁၅)ကီလိုမီတာ အကြားတွင် အရှည်ပေ ၁၀ဝ ခန့်ရှိ တောင်ပြိုခြင်းနှင့် ရေဖမ်းမြောင်းပြိုကျခြင်းများဖြစ်ပွားခဲ့သဖြင့် လမ်းသွားလာမှု ရပ်တန့်သွား ခဲ့မှုအား ယာယီလတ်တလော ယာဉ်များသွားလာနိုင်ရန် မြေစာများမှ အကျယ် ၁၀ ပေခန့်အား ဖယ်ရှား ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာသို့ မိုးကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လမ်းအပိုင်းရှိ မြေစာများ ရှင်းလင်းခြင်းကို ည ၇ နာရီတွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ရာ မော်တော်ယာဉ်များ အခက်အခဲမရှိ မောင်းနှင်သွားလာနိုင်သော်လည်း ကျန်းရှိသည့် မြေသားများအား မြစ်ကြီးနား-တနိုးလမ်း ဖောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် မြောက်ပိုင်းတော်ဝင် ကုမ္ပဏီမှ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းမှ စတင်ကာ စက်ယန္တယားများဖြင့် ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


