ကောလင်း စက်တင်ဘာ ၂၀
စက်တင်ဘာ ၁၇ ရက်မှစကာ ယနေ့နံနက်ပိုင်းထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ဒေါင်းမြူးချောင်းရေကြီးရေလျှံမှု ဖြစ်ပေါ်လာကာ ချောင်းအနီး၌ နေထိုက်ကြသော မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကျော်ဇေယျာရပ်ကွက်(၁)၊ ကျော်ဇေယျာရပ်ကွက်(၂)နှင့် ပြင်ဦးလွင်ရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ လေးပေအထိ ရေများဝင်ရောက်လျက်ရှိသဖြင့် ရပ်ကွက်နေပြည်သူများမှာ သွားလာရေး အဆင်မပြေမှုများ ဖြစ်နေကြရကြောင်း သိရသည်။
"မိုးက သုံးရက်ဆက်တိုက်ရွာတော့ ဒေါင်းမြူးချောင်းရေကြီးပြီး မြေနိမ့်ပိုင်းရပ်ကွက်က အိမ်တွေမှာ ရေတွေဝင်နေတာ နှစ်ရက်ရှိပြီ။ အခုထိ ရေက သုံးပေ၊ လေးပေထိရှိနေတုန်း ဘယ်အချိန်ရေကျမလဲလို့ စောင့်နေရတာ၊ ရေကြီးလို့ပစ္စည်းတွေ ဆုံးရှုံးသွားတာတို့ ပြောင်းရွှေ့ရတာတို့တော့ မရှိပါဘူး၊ ရေတွေဝင်နေတော့ သွားလာရေးလေးအဆင်မပြေဖြစ်ရတာ လောက်ပါ။ ခါတိုင်းနှစ်တွေလောက်တော့မဆိုးပါဘူး" ဟု ကျော်ဇေယျရပ်ကွက်(၁)နေ ဦးဖိုးဝယ်က ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ကောလင်းမြို့နယ်အတွင်းရှိ ဒေါင်းမြူးချောင်း ပတ်ဝန်းကျင် အနီးအနားတွင် နေထိုင်ကြသည့် ညောင်ပင်သာကျေးရွာ၊ သရက်ခုံကျေးရွာနှင့်ညောင်ဝိုင်း ကျေးရွာများသို့လည်း ရေများဝင်ရောက်ခဲ့ပြီး တောင်သူများစိုက်ပျိုးထားသော စပါးခင်းများ ရေနစ်မြုပ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။
ယခင်နှစ်များက မိုးရာသီကာလရောက်လျှင် ဒေါင်းမြူးချောင်းရေကြီးရေလျှံမှုကြောင့် ကောလင်းမြို့ မြေနိပ့်ပိုင်းရပ်ကွက်ရှိနေအိမ်များသို့ ရေများဝင်ရောက်မှု(၇)ကြိမ်အထိ ရှိခဲ့သော်လည်းယခုနှစ်မိုးရာသီတွင် သုံးကြိမ်သာ ရေဝင်ရောက်မူရှိခဲ့ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)