ဖားကန့် ၃၁ ဇူလိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေနှင့်အတူ မြေစာများ မျောလာပြီး ကျေးရွာနေ နေအိမ်အလုံး (၂၀) ခန့် မြေစာများဖုံးအုပ်သွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီမှ စတင်ကာ ဖားကန့်မြို့နယ်အတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆိပ်မူကျေးရွာအုပ်စု ကရင်ချောင်းကျေးရွာအနီး စွန့်ပစ်မြေစာပုံမှ မြေစာများ အမြင့်ပေ(၃၀ဝ)ခန့်မှပြိုကျကာ မြေစာပုံအောက်ရှိ ကရင်ချောင်း ကျေးရွာနေ သွပ်မိုးသွပ်ကာ နေအိမ်အလုံး(၂၀)ခန့် မြေစာများ ဖုံးအုပ်သွားခဲ့သည်။
မြေစာဖုံးအုပ်သွားသည့် နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြေကော်ယာဉ်(၄)စီးဖြင့် ဖယ်ရှားပေးလျက်ရှိပြီး အဆိုပါ နေအိမ်များမှ အိမ်ထောင်စု(၂၀)စုရှိ လူဦးရေ(၄၅)ဦးအား နယ်မြေခံ တပ်မတော်တပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် တာဝန်ရှိသူများ၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ပြည်လုံးချမ်းသာ ဓမ္မာရုံသို့ ရွှေ့ပြောင်းနေရာချထားပေးပြီး လတ်တလော စားသုံးရန် ဆန်၊ ခေါက်ဆွဲခြောက်ဖာနှင့် ရေသန်းဘူးများ ထောက်ပံ့ပေးအပ်လှုဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


