ဗန်းမော် ၁ ဇူလိုင်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့၌ ဇူလိုင် ၁ ရက်နေ့ နံနက် ၆ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗန်းမော်-မြစ်ကြီးနား ကာလမ်းပိုင်းအချို့နေရာများတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ယနေ့နံနက် ၈ နာရီခွဲခန့်က ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဒေါ့ဖုန်းယန်မြို့ အူထန်ယန်ကျေးရွာအနီး ဗန်းမော်-မြစ်ကြီးနား ကားလမ်း 637-5 KM နှင့် 638 Km အကြားတွင် အလျားပေ(၅ဝ)၊ အမြင့်(၄)ပေသည် မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ဒေါ့ဖုန်းယန်မြို့ ခါနားတောင်ပေါ်၌ Power Five Star Co.Ltd မှ တာဝန်ယူဆောင်ရွက်ခဲ့သော 652 Km အနီး မြေကာနံရံ အလျားပေ (၄ဝ)၊ အနံ(၁၅)ပေ၊ အမြင့်(၁၂)ပေ ပြိုကျပျက်စီးနေခြင်း၊ 653 Km နှင့် 653.5 Km အကြား မြေကာနံရံ အလျားပေ(၅ဝ)၊ အနံပေ (၂ဝ)၊ အမြင့်ပေ (၃ဝ) ပြိုကျပျက်စီးခြင်း၊ AC လမ်းသားအလျားပေ (၃ဝ)၊ အနံ(၂)ပေခန့် ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါမြေပြိုကျသည့် နေရာသို့ ဒေါ့ဖုန်းယန်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ လမ်းဦးစီးဌာနမှ ဦးဇော်မျိုးဝေ၊ မီးသတ်ဦးစီးမှူး ဦးစိုင်းစိုးလှိုင်၊ မြို့မိမြို့ဖ ဦးမောင်(ခ) ဝင်းနိုင်တို့က မော်တော်ယာဉ်များ အမြန်သွားလာနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြရာ နံနက် ၉ နာရီခန့်က မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


