ငါ့သရောက် ၁၁ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နှင့်ညောင်ဦးမြို့တို့ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းမကြီးသည် ဩဂုတ်လ ၁၀ရက်က ရွာသွန်းခဲ့သည့် မိုးကြောင့် ရေကျော်ကွန်ကရစ်များ ရေတိုက်စားကာ ပျက်စီးမှုများပြားခဲ့ကြောင်း မြို့မိမြို့ဖ ဦးသိန်းဆွေက ပြောပြသည်။
အဆိုပါ မိုးရွာသွန်းမှုများခြင်းကြောင့် ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ငါ့သရောက်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း ဖြတ်ချောင်းများ ချောင်ရေကျခြင်း၊ညောင်ဦး-မြင်းခြံ ကားလမ်းမပေါ်ရှိ ချောင်းများချောင်းရေကျခြင်း၊ငါ့သရောက်-ညောင်ဦးလမ်းပေါ်ရှိ ချောင်းများ၊ရိုးများ ချောင်းရေကျခြင်းနှင့်ငါ့သရောက်-ပခုက္ကူ လမ်းများပေါ်ရှိ ချောင်းများချောင်းရေကျခြင်းများကြောင့်ကားများပိတ်မိနေကာရေကျချိန် ပြန်လည်၍ပုံမှန်အတိုင်း သွာလာနိုင်ခဲ့ကြောင်းသိရသည်။
ထိုသို့ မိုးရွာသွန်းခြင်းကြောင့် ညောင်ဦးမြို့-ငါ့သရောက်မြို့ ဆက်သွယ်ထားသည့် ညောင်ကြီးချောင်း ရေကျော်ကွန်ကရစ်လမ်းမှာ ချောင်းရေတိုက်စားမှုကြောင့် ကွန်ကရစ်ရေကျော် တစ်ခုလုံးတိုက်စားပါသွားခြင်း၊ဂေါတမချောင်း ရေကျော်ကွန်ကရစ်ရေတိုက်စား ပျက်စီးသွားပြီး ကားများဖြတ်သန်းသွားလို့မရခြင်းနှင့်သန်တပင်ချိုချောင်း ရေကျော်ကွန်ကရစ် တဝက်တပျက်ရေတိုက်စားသွားခြင်းနှင့်ညောင်ဦးမြို့နယ် လက်ပံတဲကျေးရွာနှင့် ငါ့သရောက်မြို့နယ်အောင်သာ ကျေးရွာကြားရှိ ရေကျော်ကွန်ကရစ်ရေတိုက်စားပျက်စီးသွားခဲ့သသည်။
အဆိုပါ လက်ပံတဲကျေးရွာမှရေကန်ထဲ ရေပြည့်လျံကာ ရေကန်ကျိုးပေါက်သွားခြင်းကြောင့်ရေကန်ကျိုးပေါက်သည့် ရေအရှိန်ဖြင့် ရေစီးဆင်းရာလမ်းတလျောက် မြေပဲစိုက်ခင်းများ ခုနှစ်ဧကခန့်သဲဖုံးသွားခဲ့ကာ သဲမဖုံးသည့် အခင်းများရေစီးရိုးကြီးများဖြစ်ပေါ်ကာမြေပဲစိုက်ခင်းများပျက်စီးခဲ့ကြောင်းသိရသည်။
လက်ပံတဲကျေးရွာ ရေကန်ကြီးကျိုးပေါက်ခဲ့သော ရေစီးဆင်းသည့် အရှိန်နှင့်အတူ ညောင်ဦးမြို့-ငါ့သရောက်မြို့ကားလမ်းပေါ်တွင် အရှည် ၁၅၀ပေခန့် ၊အမြင် တစ်ပေခွဲထု တင်ကျန်ခဲ့ခြင်းကြောင့် လမ်းသွာလမ်းလာများခက်ခက်ခဲခဲဖြတ်သန်းသွားလာနေရကြောင်းသိရပြီး ညောင်ကြီးကျေးရွာအနီး
ရှိညောင်ကြီးချောင်း ရေကျော်ကွန်ကရစ်လမ်းနှင့်ဂေါတမချောင်း ရေကျော်ကွန်ကရစ်လမ်းမှာ ကားများဖြတ်သန်းသွားလို့မရအောင် ပျက်စီးသွားခဲ့ပြီး နံနက်စောဈေးကားများအားလုံး ပြန်လှည့်လာရကြောင်း ဈေးကားထွက်သည့် ဦးနိုင်ဝင်ကပြောပြကာ အဆိုပါ ပျက်စီးသွားသည့် ရေကျော်ကွန်ကရစ်
များ အမြန်ပြန်လည်ပြုပြင်ပေးနိုင်မှသာ ငါ့သရောက်မြို့နှင့်ညောင်ဦးမြို့သို့ ကားများ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


