မင်းဘူး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းချောင်းရေတက်ကာ အောက်စက်တော်ရာ လူကူးတံတား ရေထဲမျောပါသွားကြောင်း ရွှေစက်တော်ဘုရား ဂေါပက ဒုဥက္ကဋ္ဌ ဦးသိန်းလှိုင်ထံမှ သိရသည်။
ရွှေစက်တော်ဘုရားရှိ မန်းချောင်းရေသည် ယခင်က လူကူးတံတားရောက်ရန် ၃/၄ ပေခန့်လိုသေးသော်လည်း စက်တင်ဘာ ၂၉ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ရေငါးပေခန့်တက်ကာ အောက်စက်တော်ရာ လူကူးတံတား မျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။
“ယခုရက်ပိုင်း မိုးကတော်တော်ရွာတယ်ဗျ။ အရင်ရက်တွေက လူကူးတံတားထိရန် လိုသေးသော်လည်း အခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မန်းချောင်းရေများ တက်လာကာ တံတားမျောပါသွားခဲ့တာပါ။ အခုရက်ပိုင်းမှာ အောက်စက်တော်ရာ ပါဒစေတီတော်သို့ ရေရောက်ရှိဖို့ သုံးပေခန့်အလို ရောက်ရှိနေပြီး မိုးသည်းထန်စွာ နှစ်ရက်၊ သုံးရက် ဆက်ရွာပါက အောက်စက်တော်ရာ ရေမြုပ်သည်အထိ တက်လာနိုင်ပါတယ်” ဟု ရွှေစက်တော် ဂေါပကဒုဥက္ကဌ ဦးသိန်းလှိုင်က ပြောသည်။
ဝင်းနိုင်(ပြန်/ဆက်)