မိတ္ထီလာ ဇူလိုင် ၁၆

 

မိတ္ထီလာမြို့နယ် မွေ၊ ထန်းတောနှင့် ဥယျာဉ်ကျေးရွာများအနီးရှိ ရတနာထွန်း ချောင်းကူးတံတားသည် ယမန်နေ့ဇူလိုင်လ ၁၅ ရက်နေ့ညပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

  

“မနေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားတာကြောင့် မွေအုပ်စု မွေ၊ ထန်းတောနဲ့ ဥယျဉ်ကျေးရွာ အရှေ့ဘက် အနီးမှာရှိတဲ့ ရတနာထွန်း ချောင်းကူးတံတား ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့တာပါ။ မူလ ဒီတံတားကို ၂၀၁၀ ပြည့်နှစ်လောက်မှာ ရတနာမဥ္ဇူ ကျောင်းဆရာတော် ဦးဆောင်မှုနဲ့ မတည်အလှူရှင် ဦးမြင့်ထူး မိသားစုရယ်၊ ဒေသခံ စေတနာရှင် အလှူရှင်တွေစုပေါင်းပြီး ငွေကျပ်သိန်း ၅၈ဝ ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့  ၃ နှစ်လောက်က အခုလိုပဲ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ချောင်းရေတိုက်စားပြီး ပထမအကြိမ် ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အဲဒီတုန်းက မူလမတည်အလှူရှင် နဲ့ ဒေသခံ စေတနာရှင် အလှူရှင်တွေ စုပေါင်းပြီး ငွေကျပ် ၂၇၂ သိန်းကျော် အကုန်ကျခံ ပြန်လည်ပြုပြင်ခဲ့ပါတယ်။  ဒီတံတားပေါ်ကနေ မွေကျေးရွာအုပ်စုအတွင်းက မွေ၊ ထန်းတော၊ ဥယျာဉ်ကျေးရွာများနဲ့ အုပ်စုအတွင်းက ကျေးရွာများအပြင် အနီးပတ်ဝန်းကျင် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၂ ရွာကျော်က ဒေသခံတွေမြို့ပေါ်ကို စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့  လူမှုရေးကိစ္စတွေ ဆောင်ရွက်ဖို့ နေ့စဉ်ဖြတ်သန်းသွားလာနေကြရတာမို့  အခုလို  တံတားပြိုကျ ပျက်စီးတာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာ ကြုံတွေ့ရပါတယ်။ ဒီတံတားရှိကြောင့် ဒီနားတဝိုက်က ကျေးရွာအားလုံးလိုလို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ပါတယ်။ အခုတော့ တံတားကို အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တင်ပြထားပြီး မတည်အလှူရှင်နဲ့ ဒေသခံစေတနာရှင် အလှူရှင်တွေ စုပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ အဓိကကျတဲ့ တံတားဖောင်ဒေးရှင်းအပိုင်း ဘိုးတိုင်တွေ တည်ဆောက်တဲ့အပိုင်းမှာတော့ ပညာရှင်တွေရဲ့အကူအညီ လိုအပ်ပါတယ်” ဟု မွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇော က ပြောသည်။

 

အဆိုပါ ပြိုကျပျက်စီးသွားသော ရတနာထွန်းချောင်းကူးတံတားမှာ တံတားအရှည်ပေ ၁၈ဝ ၊ အကျယ်၁၂ပေ ရှိသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး မတည်အလှူရှင်နှင့် ဒေသခံစေတနာရှင် အလှူရှင်များ စုပေါင်းဆောက်လုပ်ထားသော တံတားဖြစ်ကြောင်းသိရသည်။

                                                                                                   

ချမ်းသာ ( မိတ္ထီလာ)

 

ဦးချမ်းသာ ၊ မြို့နယ်သတင်းထောက်  ၊ ၀၉-၄၀၄၂၅၂၇၀၆၂