မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်မှ အမှိုက်ကန်များချပေးထား

ရေစကြို ၄ ဇန်နဝါရီ

ရေစကြိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေး ပြည်သူများ၏ ကျန်းမာရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းစေရန်အတွက် အမှိုက်ကန်များကို ဇန်နဝါရီ  ၃ ရက်က မြို့အတွင်း ချထားပေးခဲ့ကြောင်း သိရသည်။

မြို့ရဲ့ နေရာအနှံ့မှာ ပြည်သူတွေက အမှိုက်တွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်ကြတဲ့အတွက် မြို့ရဲ့အလှအပ၊ မြို့ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ပြီးတော့ အမှိုက်တွေကို နေရာအနှံ့မှာ စည်းကမ်းမဲ့ စွန့်ပစ်ကြတဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများရဲ့ ကျန်းမာရေးနဲ့ စနစ်တကျ စွန့်ပစ်နိုင်အောင် အမှိုက်ကန် ၁၀ ကန်ကို အမှိုက်စွန့်ပစ်မှု အများဆုံးနေရာတွေမှာ စနစ်တကျ ချပေးထားပါတယ် ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်ဟန်က ပြောသည်။

ယခုအခါ မြို့တွင်းလူနေထူထပ်လာမှုနှင့်အတူ နေရာအနှံ့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ခွေးများ၊ ဝက်များကြောင့် အမှိုက်များ  ပျံ့နှံ့ခြင်း၊ အထူးသဖြင့် ချင်းတွင်းမြစ်အတွင်း အမှိုက်များ စွန့်ပစ်ခြင်းကြောင့် အမှိုက်ကန်များကို စနစ်တကျ ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဖေထွဏ်းဇော် (ရေစကြို)

mdn