ရမည်းသင်း ၁ ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီး တောတွင်း၌ တရားမဝင် ရွှေတူးဖော်မှုများရှိနေကြောင်း သတင်းပေးတိုင်တန်းချက်အရ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ပိုင်ရှင်မဲ့ ရွှေသန့်စင်ကြိတ်ခွဲစက်၊ ရွှေပါဝင်သည်ဟု ယူဆရသည့် ဗြုန်းအိတ်များနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သိရသည်။ 

 

''နောက်ထပ်သုံးနေရာလောက်ကို မြေပုံမှတ်တမ်းတွေနဲ့ သတင်းရထားတာရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ အခုသွားတဲ့နေရာဆိုရင် အင်မတန် သွားလာရခက်ခဲပြီး လုံခြုံရေးလည်း လိုအပ်သလို အန္တရာယ်လည်းရှိပါတယ်'' ဟု ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။ 

 

ရမည်းသင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ''သတင်းတွေကလည်း ကြားနေရတယ်၊ တရားမဝင် ရွှေသတ္တူတူးဖော်မှု မဖြစ်အောင် မြို့နယ်ခရိုင်မှာ ဌာနပေါင်းစုံပါတဲ့ အဖွဲ့ရှိပါတယ်၊ ရံဖန်ရံခါသတင်းရလို့ သွားဖမ်းတဲ့အခါမှာ ကြီးကြီးမားမားကို မတွေ့ဘဲ သုံးလေးငါးယောက်လောက် ခိုးတူးတာတွေတွေ့လို့ အမှုဖွင့်တာ ရှိပါတယ်၊ ကြားနေရတဲ့ သတင်းတွေကလည်း အများကြီးပါဘဲ၊ ဒီနေ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီးမြေပြင်ကို ကွင်းဆင်းတဲ့အချိန်မှာ လူတော့မတွေ့ရဘူး၊ သူတို့သတင်းကြိုရသလား ချိတ်ဆက်မှုတွေ ရှိသလားမသိဘူး။ ဒီနေ့တွေ့ရတဲ့ဟာဆိုရင် အသေးစားမဟုတ်တော့ဘူး။ တော်တော်လုပ်ထားတာ တွေ့ရတယ်'' ဟု ပြောသည်။

 

တရားမဝင်ရွှေတူးဖော်ရာမှ ဖမ်းဆီးရမိသည့် ရွှေသန့်စင်ကြိတ်ခွဲစက်၊ ရွှေပါဝင်သည်ဟု ယူဆရသည့် ဗြုန်းအိတ်များနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စနစ်တကျမှတ်တမ်းတင် သိမ်းဆည်းကာ တရားမဝင် ရွှေတူးဖော်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ 

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီး တောတွင်း၌ တရားမဝင် ရွှေတူးဖော်မှုများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ယနေ့အချိန်အထိ တရားစွဲဆိုထားသည့် အမှုပေါင်း ၂၀ ခန့်ရှိကြောင်း ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး အေးထွန်းမောင်ထံမှ သိရသည်။ 

 

(သတင်း၊ ဓာတ်ပုံ/မင်းသစ်(MNA)