၁၈ မတ်
ယခုလာမည့် ၃၁ မတ် ၂၀၁၉ တွင် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် အဆင့်ဆင့်တာဝန်ခံများ ရွေးကောက်ပွဲတွင်ရန်ကုန်မြို့သူ မြို့သားများ မဲထည့်ကြရတော့မည်။
မြို့ပြများ ဆွဲဆောင်မှုနှင့် တောနယ်တို့၏ တွန်းထုတ်မှုဆိုသည့်အခြေခံအကြောင်းနှစ်ရပ်က မြို့ပြများကို ကြီးထွားစေ၏။ အကြမ်းအားဖြင့်ဆိုရလျှင် ကျေးလက်ဒေသတို့တွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်း၊ လယ်ယာလုပ်ငန်းတို့၏ အကန့်အသတ်တို့က မြို့တက်လာဖို့ တွန်းထုတ်သကဲ့သို့ မြို့ကြီးများရှိ ပညာရှာမှီးနိုင်သည့် အခွင့်အလမ်း၊ အလုပ်အကိုင်၊ ပျော်ရွှင်စရာ အနာဂတ်အိပ်မက်များ စသည်တို့က ဆွဲဆောင်နေ၏။
မြို့ပြများကို စနစ်တကျ စီမံခန့်ခွဲမှု မနိုင်နင်းချိန်တွင် မြို့ပြတိုးတက်ဖွံ့ဖြိုးမှုက အရှိန်မြင့်လာသည့်အခါ မြို့ပြလူမှု ပြဿနာများက မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာတတ်၏။ ထို့ကြောင့် မြို့ပြများ အလွန်အမင်း ကြီးထွားလာတော့မည့် အရိပ်အယောင်များ ပေါ်လာသည်နှင့် မြို့ပြ စီမံကိန်းပညာရှင်များက ဦးဆောင်ကာ ဆိုင်ရာ ဆိုင်ရာ ပညာရှင်များဖြင့်တွဲဖက်၍ စီမံခန့်ခွဲနိုင်ရန် ပြင်ဆင်မှုများ၊ ကန့်သတ်မှုများ၊ ထိန်းကျောင်းမှုများ၊ လမ်းဖွင့်မှုများကို ပြုလုပ်ရလေ့ရှိ၏။
နိုင်ငံတကာရှိ အတွေ့အကြုံများအရ မြို့ပြစီမံကိန်းများက ဦးဆောင်နိုင်ပြီး ထိန်းသိမ်းနိုင်သည့် မြို့ပြဖွံ့ဖြိုးမှုများထက် ဖွံ့ဖြိုးမှုအရှိန်နောက်မှာ လိုက်လံထိန်းသိမ်းစောင့်ရှောက်ရသည်တို့က ပိုမိုများပြားပါသည်။
မည်သို့ပင်ဖြစ်စေ မြို့ပြနေ ပြည်သူလူထုတို့၏ နေ့စဉ်ဘဝများ အဆင်ပြေသာယာရေးသည် မြို့တော်စည်ပင်သာယာရေး (မြူနီစီပယ်) ၏ ပခုံးထက်ဝယ် ကြီးမားလေးလံလှသော တာဝန်များအဖြစ် တင်ရှိနေသည် ဖြစ်၏။
အတိုချုံးဆိုရလျှင် မြို့တော်စည်ပင်သာယာရေးဟူသည် မြို့ပြနေ ပြည်သူလူထုတို့အတွက် လုံခြုံအေးချမ်းသည့် နေချင့်စဖွယ်မြို့၊ စားဝတ်နေရေး စီးပွားရေးရာ အလုပ်အကိုင်တို့ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်သည့်မြို့၊ ခေတ်မီပညာအဆင့်မြင့်မြင့်များကို ရှာဖွေလေ့လာနိုင်သည့်ဝန်းကျင်ရှိသည့်မြို့၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဝန်ဆောင်မှုများကို ပြေလည်ချောမောစွာ ရရှိနိုင်သည့်မြို့စသည့် အရည်အသွေးတို့မြင့်မားနေဖို့ ဖန်တီးစောင့်ရှောက်ထိန်းကွပ်ပေးရသော တာဝန်ကိုယူထားရခြင်း ဖြစ်ပါသည်။
မြို့တော်သန့်ရှင်းရေး၊ လမ်းနယ်သာယာရေး၊ စည်းကမ်းမမဲ့စေရေး၊ လူသွားစင်္ကြံများ ကောင်းမွန်ရေး၊ ရေစီးရေလာကောင်းမွန်ရေးမှ အစပြု၍ မြို့ပြကျန်းမာရေးအတွက် လိုအပ်သည့် သန့်ရှင်းသော လေထုရေထုမြေထုဝန်းကျင်ကို ဖန်တီးစောင့်ရှောက် ပေးနေရခြင်းဖြစ်သည့်အတွက်ကြီးလေးသော တာဝန်ရှိသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ မရှင်းလင်းနိုင်ခဲ့သည့် များပြားလှစွာသော ပြဿနာများက မြို့တော်ရန်ကုန်အတွင်းမှာ စည်ဝေနေသည်။
တစ်စတစ်စကြီးထွားလာနေသည့် မြို့ပြကျူးကျော်အိမ်ရာများ၊ အသေးအဖွဲဟုဆိုသော် ရနိုင်သော်လည်း ယခုထိ ဖြေရှင်းနိုင်ခြင်းမရှိသည့်လမ်းများပေါ်က ရွံရှာဖွယ်ကွမ်းတံတွေးကွက်များ၊ လူသွားလမ်းဟူ၍ မကျန်တော့သည်အထိ နယ်ချဲ့ထားသည့် လမ်းဘေး ဈေးဆိုင်များ၊ ရေနုတ်မြောင်းများထဲက အမှိုက်များ၊ လမ်းဘေးဝဲယာမှာ အနံ့တထောင်းထောင်းထနေသော အမှိုက်ပုံကြီးများ၊ လူဦးရေ သိပ်သည်းမှုကျဲပါးသည့်နေရာများတွင် ဖွံ့ဖြိုးမလာဘဲ ထပ်မံတိုးလာဖို့ မဖြစ်သင့်လောက်အောင် ကျပ်တည်းနေသည့် လူဦးရေသိပ်သည်းမှုကို တိုးသည်ထက်တိုးနေစေသည့် မိုးမျှော်တိုက်ကြီးများ၊ လမ်းများပေါ်က လွန်လွန်မင်းမင်း ဆိုးရွားနေသည့် ယာဉ်ကြော ကျပ်တည်းမှုများ၊ နားမခံသာ လောက်အောင် ဆူညံနေသော မော်တော်ကားဟွန်းသံများ၊ လော်စပီကာ သံများ၊ ကားရပ်စရာ နေရာမရှိ၊ သုံးရေမလောက်င၊ ရှူနေရသောလေက မသန့်ရှင်းစသည့်စသည့် ပြဿနာတွေ စာစီကုံးလို့ ဆုံးအံ့မထင်သော မြို့ပြစိန်ခေါ်မှုများ...။
ယနေ့ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များအဖြစ်ရွေးကောက်ခံကြတော့မည့်သူများသည် ပြည်သူတို့ကမေးမြန်းနေသော၊ ဝေဖန်ထောက်ပြနေသော မြို့ပြပြဿနာများစွာကို မည်သို့ မည်ပုံဝိုင်းဝန်းဖြေရှင်းကြမည်လဲဟူသည့်အဖြေတို့ကို အထိုက်အလျောက်ရှာဖွေပြင်ဆင်ထားပြီးဖြစ်မည်ဟု မျှော်လင့်ရပါသည်။ ထို့အပြင် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အဆင့်ဆင့်သည် နေ့စဉ်မြို့တော်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို စီမံခန့်ခွဲနေကြရသည်ဖြစ်ရာ မိမိမြို့တော်ကိုဘယ်လို ဖြစ်စေချင်သည်ဟူသော မျှော်မှန်းချက် ခိုင်မာစွာဖြင့် ပုံဖော်သည့်နေရာတွင် အရေးကြီးသည့် တာဝန်များကို ယူကြရမည့် သူများဖြစ်သည်။ ပြောင်းလဲအတည်ပြုပြီးဖြစ်သော စည်ပင်သာယာရေးဥပဒေများကိုပုံဖော်ရန် ဥပဒေကို သက်ရောက်လာရန် ကိုင်တွယ်သက်ဝင်လာအောင်လုပ်ရမည့်သူများဖြစ်သည်။ သည်လိုဖြေရှင်းရန် အရည်အချင်းလည်း ပြည့်မီ၊ ကိုယ်ကျိုးရှာလိုသည့် အဂတိလည်းကင်းစင်၊ မိမိ၏ တာဝန်က ဘာ၊ မိမိလုပ်ရမည့်အလုပ်က ဘာဆိုသည်ကို သေသေချာချာနားလည်ပြီး အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်မှန်တို့ကို ပြည်သူအပေါင်းက ရွေးချယ်နိုင်ကြပါစေသတည်း။ ရွေးခံရသူများသည်လည်း ပြည်သူအကျိုး၊ မြို့ပြအကျိုးကို ရှေးရှုသောသူများ ဖြစ်ကြပါစေ သတည်း။ ။
မြန်မာ့အလင်း