မန္တလေး ၃၀ ဇန်နဝါရီ
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းမဲ့ ကြော်ငြာတပ်ဆင်ထားခြင်းများ၊ ခွင့်ပြုချက်မဲ့ကြော်ငြာများ စစ်ဆေးတွေ့ရှိပါက အရေးယူခြင်းများကို ဇန်နဝါရီလမှ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"မြို့တော်စည်ပင်နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်တွေ တပ်ဆင်ခြင်းနဲ့ပတ်သက်ပြီး စနစ်တကျဖြစ်ဖို့ ဆောင်ရွက်နေပါတယ်၊ မိမိသဘောနဲ့ မိမိကပ်ထားတဲ့ စည်းကမ်းမဲ့ကြော်ငြာတွေရှိပါတယ်၊ စစ်ဆေး တွေ့ရှိတယ်ဆိုရင် တစ်ပေပတ်လည် ကျပ်နှစ်သောင်းခွဲနှုန်းနဲ့ ဒဏ်ရိုက်ပြီး မြို့တော်စည်ပင်ဝန်ထမ်းတွေက ပြန်လည်ဖြုတ်သိမ်းသွားမှာ ဖြစ်ပါတယ်၊ ဓာတ်တိုင်တွေမှာ ကြုံသလိုစတစ်ကာတွေ ကပ်ထားတာတို့၊ ကားတွေ၊ သုံးဘီးတွေမှာ ကပ်ထားတာမျိုးတွေရှိတယ်၊ စနစ်တကျမဟုတ်ဘူးဆိုရင် ဒဏ်ရိုက်တာတွေ ရှိပါတယ်၊ မြို့တော်အတွင်းမှာရှိတဲ့ ဘယ်လိုကြော်ငြာမျိုးမဆို လိုက်လံစစ်ဆေးပြီး စည်းကမ်းမဲ့ လုပ်ထားတာမျိုးဆိုရင် ဖြုတ်ခိုင်းတာ ဒဏ်ရိုက်တာတွေရှိပါတယ်၊ ကြော်ငြာဆိုင်းဘုတ်တပ်ဆင်ချင်တဲ့ သူတွေအနေနဲ့ စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အအုံနဲ့ ကုန်ရုံဌာနမှာ ဆက်သွယ် လျှောက်ထားမယ်ဆိုရင် စနစ်တကျခွင့်ပြု ပေးသွားမှာဖြစ်ပါတယ်"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ် တပ်ဆင်ခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ လျှောက်ထားသည့်အခါ လျှောက်ထားသည့်တင်ပြစာ၊ ကြော်ငြာမည့်ပုံစံ၊ ကြော်ငြာချင်သည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်းနှင့် ကုမဏီများ၏ဓာတ်ပုံ ပုံစံများပါရှိရန် လိုအပ်ကြောင်း သိရသည်။
"ကြော်ငြာဆိုင်းဘုတ်တွေနဲ့ပတ်သက်ပြီး စီမံချက်နဲ့ အဓိကကျတဲ့ လမ်းမကြီးတွေမှာရှိတဲ့ ကြော်ငြာတွေကို မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနရယ်၊ သက်ဆိုင်ရာမြို့တွေက မြို့တော် စည်ပင်ရုံးဝန်ထမ်းတွေရယ် ပူးပေါင်းပြီး လိုက်လံကွင်းဆင်းစစ်ဆေးနေပါတယ်၊ အဓိကကျတဲ့ လမ်းမကြီး တွေဖြစ်တဲ့ ၆၂ လမ်း၊ ၁၉ လမ်း၊ ၇၈ လမ်း၊ ၈၁ လမ်း၊ ၇၃ လမ်း၊ ၆၉ လမ်း ၊ ၆၆ လမ်း၊ ၈၄ လမ်းတွေမှာ ကွင်း ဆင်းစစ်ဆေးနေပါတယ်၊ တခြားအဓိကကျတဲ့ လမ်းမကြီးတွေကိုလည်း ဆက်ပြီးစစ်ဆေးသွားပါမယ်၊ စစ်ဆေးပြီး ခွင့်ပြုချက်မဲ့ ကြော်ငြာမျိုးတွေ့တယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်၊" ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်တပ်ဆင်ခြင်းများကို စနစ်တကျဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်ထောင်ကြော်ငြာ (၁ ပေပတ်လည် ကျပ်တစ်သောင်း)၊ နံရံကပ်ကြော်ငြာ (၁ ပေပတ်လည် ကျပ်ငါးထောင်)၊ ယာယီကြော်ငြာ (၂ ပေ x ၄ ပေ တစ်ပတ်လျှင် ကျပ်တစ်သောင်းနှင့် ၉ ပေ x ပေ ၂၀ နှစ်ပတ်ခွင့်ပြုပြီး ငွေကျပ်ကိုးသောင်း) တို့ဖြင့် ကောက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
သန်းဇော်မင်း(ပြန်/ဆက်)