မြစ်ကြီးနား ၁၇ အောက်တိုဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ Smart Business Group မှ စီစဉ်၍ ၅ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့် မြစ်ကြီးနားကုန်စည်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဖွင့်လှစ် လိုက်သည်။
ကုန်စည်ပြပွဲကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းညွန့်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဦးဇခေါင်ခမ်းရယ်နှင့် ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြပွဲအတွင်း ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
“ကျွန်မတို့ ဒီပွဲတွေ ကျင်းပတာကတော့ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ကျင်းပဖြစ်တာ များပါတယ်၊ မြစ်ကြီးနားမှာတော့ မကျင်းပဖြစ်ခဲ့ပါဘူး၊ ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းက မြစ်ကြီးနားမှာ ဒီလိုပွဲ ကျင်းပခဲ့တာ အဲဒီမှာလည်း လူတွေ စိတ်ဝင်စားကြတာကို တွေ့ရတယ်၊ ပြသကြတဲ့ ကုမ္ပဏီတွေလဲ ကျေနပ်ကြတယ်၊ လာရောက် ကြည့်ရှုတဲ့သူတွေလည်း သဘောကြကြတယ်၊ ဒါကြောင့် ဒီပွဲကိုဒုတိယအကြိမ် လာရောက် ကျင်းပရခြင်း ဖြစ်ပါတယ်၊ ဒီဘက်ဒေသနဲ့ ကိုက်ညီတဲ့ ပစ္စည်းမျိုးတွေ အဓိကထားပြီးခေါ်လာပါတယ်၊ ကျွန်မတို့ အချိန် ၁ လခွဲ ၂ လလောက် အချိန်ယူပြီး ကြိုတင် ပြင်ရပါတယ်” ဟု ပြပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဒေါ်ရွှေဇင်ဝင်းက ပြောသည်။
အဆိုပါ ကုန်စည်ပြပွဲကို အောက်တိုဘာ ၂၁ ရက်အထိ ၅ ရက်ကြာ နေ့စဉ် နံနက် ၉ နာရီမှ ည ၉နာရီအထိ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အနွေးထည်များ၊ ဆေးဝါးပစ္စည်းများ စသည့် ဆိုင်ခန်းပေါင်း ၁၀ဝ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ် ပြပွဲလာရောက်သူများကို တစ်နေ့လျင် ရွှေဆွဲပြားအပါအဝင် ပစ္စည်းအမျိုး ၃၀ ကို မဲဖောက် ပေးသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)


