ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မြို့တော်လမ်းများ ကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးသည်။
မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ရွာအကြား အမှတ် (၇) လမ်းမကြီးကို ၄၈ ပေအကျယ် (၆) လမ်းသွား ရရှိအောင် အရှည် ၁၁၁၃၇ ပေ လမ်းပိုင်းတွင် အကျယ် ၁၆ ပေ ထပ်မံတိုးချဲ့နိုင်ရန် သစ်ပင်ချုံနွယ်များနှင့် သစ်ပင်ကြီးများအား စက်ယန္တရားဖြင့် ရှင်းလင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်း၊ ၂၉ ရပ်ကွက်နှင့် ၁၆ ရပ်ကွက်အကြား ဘဲတန်း ချောင်းတံတားသို့ ရောက်ရှိရာ Sport Complex အရှေ့ဘက်မှ ကွေ့ကောက်စီးဆင်းနေသည့် ဘဲတန်းချောင်း အပိုင်း အရှည် ၄၈၀၀ ပေအား တစ်ဖြောင့်တည်း စီးဆင်းစေရန် ပြန်လည်တူးဖော် ဖောက်လုပ်မည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှေ့သို့ သွားရောက်၍ အဆိုပါ ရုံးရှေ့ရှိ ရေမြောင်းအား ကားနင်းခံမြောင်းဖုံးများ ခင်းကျင်းခြင်း၊ ရေမြောင်းနှင့် ရုံးအုတ် တံတိုင်းအကြား ကွန်ကရိခင်းကျင်းနိုင်ရန် မြေညှိခြင်း တို့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


