မန္တလေး ၂၉ ဇန်နဝါရီ
မန္တလေး-ပြင်ဦးလွင်ကားလမ်း သန့်စင်ကုန်းကျေးရွာ တန်ဖိုးမျှတအိမ်ရာ အဝင်လမ်းဘေးအနီးတွင် တည်ဆောက်ပြီးစီးသည့် ပန်းဈေးဆိုင်ခန်းများ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ပန်းဈေးသစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မဲနှိုက်ရွေးချယ်ပွဲတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က အမှာစကား ပြောကြားပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်အောင်က မဲနှိုက်ရွေးချယ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပန်းဈေးသည် ၁၀၇ ဦးအား ပွင့်လင်းမြင်သာစွာဖြင့် ကိုယ်တိုင်မဲနှိုက်စေကာ ဆိုင်ခန်းနေရာများ ချထားပေးခဲ့သည်။
အဆိုပါ ပန်းဈေးသစ်ကို မြေဧက ၂ ဒသမ ၁၉ ဧကပေါ်တွင် ပန်းဈေးအဆောင် ငါးဆောင်နှင့် စက်ရေတွင်း၊ ရေလှာင်ကန်၊ ရေစင်၊ ခြောက်ခန်းတွဲ အများသုံးသန့်စင်ခန်းများနှင့် ဈေးရုံးခန်းများ ပါဝင်ပြီး ပန်းဈေးအဆောင် တစ်ဆောင်လျှင် ဆယ်ပေပတ်လည် အခန်း (၂၄)ခန်းပါဝင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)