ရှင်နော်၊ ဓာတ်ပုံ - Emerald Bay

ရန်ကုန်မြို့၏ နောင်တစ်ချိန်တွင် ဖြစ်လာနိုင်မည့် ပြဿနာအရပ်ရပ်တို့ကို ရင်ဆိုင်နိုင်ရေးအတွက် လက်ရှိတာဝန်ရှိသူတို့က ကြိုတင်မျှော်တွေး၍ ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ခရီးသည် တင်မော်တော်ယာဉ်သစ်များ အစားထိုးဖြည့်ဆည်းခြင်း၊ ရထားများ အချိန်နှင့်အမျှ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီ မြန်နှုန်းမြင့်ရထားများ ဝယ်ယူဖြည့်တင်းခြင်း၊ ရန်ကုန်မြိုပတ်လမ်းကြီးများ ဖော်ဆောင်ရန် ပြင်ဆင်ခြင်း၊ မြို့ကွက်ဧရိယာသစ်များ ချဲ့ထွင် ဖော်ထုတ်ခြင်း၊ ရန်ကုန်မြို့တွင်းသွားလာရေးအတွက် ရထားလမ်း ကားလမ်းသာမက မြစ်ချောင်းများကိုပါ အသုံးပြုသွား လာနိုင်ရန် ရေလမ်းခရီးစဉ်များ ဖော်ထုတ်ခြင်းတို့ကို ကြိုးစားလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။


ရန်ကုန်မြို့တော်ကို နိုင်ငံတကာအဆင့်မီမြို့တော်တစ်ခုဖြစ်လာစေရေးအတွက် ကြိုးစား ဖန်တီးယူရာတွင် နိုင်ငံတကာ၌ ဆောက်လုပ်ရေးအတွေ့အကြုံရှိသော ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လုပ်ကိုင်စေလျက်ရှိသည်။ အဆင့်မြှင့်ဆောက်လုပ် ရေးနည်းပညာရပ်များကို ပိုင်ဆိုင်ပြီး ကြီးမားသောငွေကြေးရင်းနှီး မြှုပ်နှံနှိုင်မှုတို့ကြောင့် မြို့တော်ရန်ကုန်တွင် လူထောင်ပေါင်း များစွာနေထိုင်ပြီး လုပ်ငန်း လုပ်ကိုင်နိုင်မည့် စီးပွားရေးအချက်အချာ နေရာများကို အဓိကထား ဖော်ထုတ်လာကြသည်။


ပင်လယ်အော်ပုံစံ စွမ်းရည်မြင့်မြို့တော်ကြီး

မြို့တော်ရန်ကုန်တွင် အသစ်ဖော်ထုတ်လျက်ရှိသော အိမ်ရာစီမံကိန်းကြီးများအနက်မှ ယခုသီတင်းပတ် ရန်ကုန်စာမျက်နှာထက် တွင် မြစ်သုံးစင်းဆိုင်နေရာ၌ အပျော်စီး ရွက်လှေဆိပ်ကမ်းတစ်ခုပါဝင်သော အမရာ အိမ်ရာစီမံကိန်းအကြောင်းကို ရေးသား တင်ပြလိုပါသည်။ အိမ်ရာစီမံကိန်း အကောင်အထည် ဖော်နေသောနေရာမှာ ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာ ပတ်လမ်းတွင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း နှင့် ရန်ကုန်မြစ်တို့ ဆုံမှတ်နေရာတွင်တည်ရှိပြီး အမရာမြစိမ်းကွေ့ ပင်လယ်အော်ပုံစံ စွမ်းရည် မြင့်မြို့တော်ကြီး (Emerald Bay Eco Smart City) ဟု အမည်ပေးထားသည်။


လူနေအိမ်ခန်းပေါင်း ၆၀၀၀ ပါဝင်ကာ အပျော်စီး ရွက်လှေဆိပ်ကမ်းတစ်ခု ထည့်သွင်းတည်ဆောက်မည့် ယင်းအိမ်ရာစီမံကိန်းကို သာကေတ မြို့နယ်အတွင်းရှိ မြေဧက ၂၇ ဧကပေါ်တွင် စတင်အကောင်အထည်ဖော် လျက်ရှိသည်။ လက်ရှိအချိန်တွင် ပထမအဆင့်အနေဖြင့် မြေ ၁၇ ဧကပေါ်တွင် အထပ်ပေါင်း ၃၂ ထပ်ရှိ တိုက်အလုံးပေါင်း ၁၁ လုံးကို စတင် ဆောက်လုပ်မည်ဖြစ်သည်။

 

ထိုသို့ တည်ဆောက်ရာတွင် အပိုင်း ၁ နှင့် အပိုင်း ၂ ဟူ၌ ခွဲခြားထားပြီး အပိုင်း ၁ တွင် တိုက်ငါးလုံး ပါဝင်ကာ ၂၀၂၂ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်သွားမည်ဟု သိရသည်။ အပိုင်း ၁ ကို တည်ဆောက်အပ်နှံပြီးနောက် အပိုင်း ၂ ဖြစ်သည့် တိုက်ခြောက်လုံးကို ဆက်လက်ဆောက်လုပ်မည်ဖြစ်ကာ စီမံကိန်းကာလမှာ ငါးနှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။


ပဲခူးမြစ်ကမ်းနဖူးတွင် တည်ရှိနေသည့် အပြင် ငလျင်ဒဏ် ၈.၀ အထိ ခံနိုင်ရည်ရှိအောင် ဘိုးပိုင်အမျိုးအစားဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းများကို လွန်ခဲ့သော ခြောက်လခန့်ကပင် စတင်ခဲ့သည့်အတွက် ယခုအခါ ပထမအဆင့် အပိုင်း ၁ ၏ တည်ဆောက်နေမှုများ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ကြယ်ငါးပွင့်အဆင့် ဝန်ဆောင်မှုများ

အများပြည်သူ အသုံးပြုရန်နေရာများ၊ ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံများ၊ ရေကူး ကန်များ၊ ဝေဟင်ပန်းဥယျာဉ်၊ ကမ်းနားပန်းခြံ၊ ညမီးလင်းလျှောက်လမ်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ကလေးကစားကွင်းများ၊ စပိဘုတ်ဆိပ်ကမ်းများ၊ အဆင့်မြင့် လုံခြုံရေး နည်းစနစ်များ၊ ရပ်ဝန်းတစ်ခုလုံးအား လွှမ်းခြုံထားနိုင်သော အသံစနစ်များ၊ နိုင်ငံတကာ ကြယ်ငါးပွင့်အဆင့် ဝန်ဆောင်မှုများ၊ မော်တော် ယာဉ်အစီးရေ ၇၂၀၀ ကျော် ရပ်နားနိုင်မည့် ဟိုက်ဒရောလစ်ကားပါကင်များ ပါဝင်မည်ဟု သိရသည်။


အိမ်ရာစီမံကိန်းအတွင်း ပါဝင်မည့် ရွက်လှေဆိပ်ကမ်းတစ်ခုကို မကြာမီ ဆောက်လုပ်မည်ဖြစ်ပြီး ဆိပ်ကမ်းကို အများပြည်သူ အသုံးပြုနိုင်ရန်အတွက် ဖန်တီးပေးမည်ဖြစ်ကာ Yangon Water Bus ဆိုက်ကပ်ရာ၌လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ စီမံကိန်းအတွက် ဆိပ်ကမ်းတစ်ခုအဖြစ် စတင်အကောင်အထည် ဖော်မှုနှင့်ပတ်သက်၍ “ပုံစံကျလာတာကတော့ သင်္ဘောအကြီးတစ်စင်း ရပ်နိုင်တဲ့ အနေအထားပေါ့၊ အပျော်စီးအနေနဲ့တော့ သင်္ဘောအများကြီး ရပ်နားလို့ရတာပေါ့။ ကမ်း တစ်‌လျှောက်မှာတော့ ရွက်လှေတွေ ကပ်နိုင် မှာပါ။ အဓိကတော့ ဆိပ်ကမ်းလေးတစ်ခု စတင်အကောင်အထည်ဖော်တာပါ” ဟု Emerald Bay Account Manager Ti Ti က ပြောကြားသည်။

 

မြန်မာတက်လမ်း လုပ်ငန်းစုနှင့် စင်ကာပူ ဂိုးဒင်းပါရာဂွန်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်လျက်ရှိသည့် ယင်းအိမ်ရာစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ မီလီယံ ရင်းနှီးမြှုပ်နှံထားသည်ဟု ဆိုသည်။


တစ်ချိန်က အိမ်ခြံမြေဈေးကွက်ပေါ် မူတည်၍ ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ်ကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းနေခဲ့သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ လေ့လာ မှုများအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ပေးပြီးနောက် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်းစနစ်သစ်က ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများထံ တရားဝင်ရောင်းချနိုင်ခွင့် ရရှိလာခြင်းနှင့်အတူ မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဟု ခန့်မှန်းထားကြသည်။


မြန်မာနိုင်ငံ ဆောက်လုပ်ရေးဈေးကွက် တို့၌ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် လျက်ရှိသည့် Singapore Golden Paragon Investment Pte.,Ltd မှ ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာDylan Wang က “ အခုဆောက်လုပ် ရေးဈေးကွက်ကျဆင်းနေပေမယ့်လည်း ဒါက အတိုင်းအတာတစ်ခုအထိပါပဲ။ အချိန်ကျရင် ဈေးပြန်တက်လာမှာပါ။ နိုင်ငံမှာရှိနေတဲ့ လူဦးရေထဲက ရန်ကုန်မြို့မှာ ခုနစ်သန်းရှိတယ်။ အဲဒီလူတွေထဲမှာ နည်းပညာနဲ့ အဆင့်မြင့်မြင့် နေချင်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့ ကွန်ဒိုက နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီး အဆင့် မြင့်တည်ဆောက်ထားတဲ့အတွက် သူတို့တွေ ကြိုက်လောက်တဲ့ လူနေမှုပုံစံတစ်ခုကို ဖြစ်မှာပါ။ ဒီအတွက်ကြောင့်လည်း ရောင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြည်တွင်း ဆောက်လုပ်ရေးဈေးကွက် အခြေအနေနှင့် ပတ်သက်သော သူ၏ခံယူချက်ကို ပြောပြသည်။


ပြန်လည်ပြင်ဆင်ရန် လိုအပ်နေ

ဈေးကွက်သုတေသနသုံးသပ်ချက်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သုံးသပ်မှုများ အရ မြန်မာနိုင်ငံအခြေအနေသည် အတက် ဘက်သို့ ဦးတည်နေသည်က တစ်ကြောင်း၊ ပြည်တွင်းလူငယ်များ ပြည်ပထွက်ခွာအလုပ် လုပ်မှုနှုန်းမြင့်မားနေ၍ ၎င်းတို့ ပြန်လည် ဝင်ရောက်လာသည့်အခါတွင် နေထိုင်စရာ အခြေခံအဆောက်အဦ လိုအပ်မှုတို့ကြောင့် တစ်ကြောင်း၊ အချိန်နှင့် တစ်ပြေးညီ ပြုပြင် ပြောင်းလဲရန် လိုအပ်ခဲ့သော ရန်ကုန်မြို့တော် ဟောင်းကို ပြန်လည်ပြင်ဆင်ရန်လိုအပ်နေ သည်က တစ်ကြောင်းတို့ကြောင့် အဆောက်အဦသစ်တို့သည် မြို့တော်ရန်ကုန်အတွက် လိုအပ်ချက်ကွက်လပ်များဖြစ်သည်။ နိုင်ငံတကာ အဆင့်မီ မြို့ကြီးတစ်မြို့အဖြစ် ရပ်တည်ရန် လိုအပ်သော အခြေခံအဆောက်အဦတို့ အလျင်အမြန် ပေါ်ထွက်လာရေးသည် ရန်ကုန်မြို့တော်၏ အဓိကလိုအပ်ချက်ပင် ဖြစ်တော့သည်။     ။