ရန်ကုန် ဒီဇင်ဘာ ၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ဒုတိယမြို့တော်ဝန် ဦးညီညီတို့သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိ ကမ်းနားလမ်းဖြတ် Box Culvert တည်ဆောက်နေမှု၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး ကမ်းနားလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ကျူးကျော်နေထိုင်မှုများ မရှိစေရန်၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်အနီး ကမ်းနားလမ်း မြောက်ဘက်ခြမ်း အုတ်တံတိုင်းအတွင်း သပ်ရပ်မှုမရှိသည့် အမိုးများ ဖြုတ်သိမ်းရန်နှင့် ကွန်တိန်နာလမ်း Toll Gate ဘေး အုတ်ခုံသစ်လွင်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ ရေဆိုးသန့်စင်စက်ရုံ၌ Mini Pilot ရေဆိုး သန့်စင်စနစ် သုတေသနပြုလုပ်နေမှုနှင့်  ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်း ကွန်တိန်နာဝင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ အမှတ်(၇) မြစ်ထွက်ပေါက် မြေထိန်းနံရံတည်ဆောက်နေမှု၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်း တိုးချဲ့ခင်းနေမှုနှင့် ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းမှ မြောက်မြင်းပြိုင်ကွင်းလမ်းအထိ  မြောင်းဖုံးပါအုတ်ရေမြောင်းနှင့် လူသွားစင်္ကြံ ခင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်