ရန်ကုန် ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက် ၆ နာရီတွင် သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်၊ ဧရာဝဏ်လမ်းသို့ သွားရောက်၍ သာကေတမြို့နယ် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား Poulownia (၉) ပင်နှင့် မဟော်ဂနီပျိုးပင်(၆၀)ကို စိုက်ပျိုးပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်သို့သွားရောက်၍ ရေစုကန်ရေမြောင်းနှင့် ဝေဇယန္တာလမ်းအကြား မြေဧရိယာ ၀ ဒသမ ၁၆၅ ဧကတွင် မြေယာရှုခင်းဆောင်ရွက်ရန်အတွက် မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ မြေညှိခြင်း၊ အပင်များအောက်တက်ရှင်းလင်း၍ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)သို့ သွားရောက်၍ ကျောင်းရှေ့မြေအောက်မြောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် မြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ၊ နုန်းများဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)သို့ သွားရောက်၍ တက္ကသိုလ်ဝင်း သန့်ရှင်းသာယာလှပရေးအတွက် ဝန်ထမ်းများက တက္ကသိုလ်အဝင်လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း ဆောင်ရွက်နေမှု၊ အဆုတ်ရောဂါကုဆေး ရုံလမ်းသွယ် (၁)ရှိ တက္ကသိုလ်ဝန်ထမ်းအိမ်ရာဝင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်