ရန်ကုန်  မတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့ နံနက်ပိုင်းက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာသို့ သွားရောက်၍ စင်တာ အတွင်း/အပြင် သန့်ရှင်းသာယာရေး ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇန္တရာလမ်းနှင့် သစ်ရာပင်လမ်းထောင့်ရှိ ရေစုကန်သို့ သွားရောက်၍ ကန်ရေပြင်ကြည်လင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရေစုကန်အနီး မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံရှိ စီမံခန့်ခွဲရေးရုံးသို့ရောက်ရှိပြီး ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်များ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် မက္ခရာမင်းသားကြီး မောင်ပျိုးလမ်း၊ ကနောင်မင်းသားကြီးလမ်းထောင့်တို့တွင် BoxCulvert တည်ဆောက်ရန် မြေညှိပြုပြင်နေမှုနှင့် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ရေစုကန်ရေမြောင်းများ ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများနှင့် လူသွားစင်္ကြံ Interlock ခင်းကျင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

(သတင်းစဉ်)