မြို့တော်ဝန်ဦးဗိုလ်ဌေး မြို့မကျောင်းလမ်း AC ထပ်ပိုးလွှာခင်းခြင်းနှင့် ဦးဝိစာရလမ်း လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မေ ၁၇

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယမန်နေ့ညပိုင်းက ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း (အလုံလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ) ကတ္တရာကွန်ကရိ(AC) ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ချိန် ယာဉ်သွားလာမှု အဆင်ပြေစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အကြားရှိ ဦးဝိစာရလမ်း မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် အမြင့် ၁၁ ပေ၊ ခန်းဖွင့်အကျယ် ၂၃ ပေ၊ ဥမင် အလျား ၄၆၁ ပေ ၉ လက်မ၊ အဝင်/အထွက်ပေါက် ၄ ခု အပေါ်ဖို့မြေအမြင့် ၂ ပေ ၉ လက်မ၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန်စွမ်းများ အသုံးပြုရန် ဓာတ်လှေကား ၂ စင်း ပါဝင်မည်ဖြစ်ပြီး ၁ နာရီလျှင် လူဦးရေ ၁၄၀၀၀ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ ပြည်သူများ လာရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာ ဖြတ်သန်းသွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်စေရန် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်