၂၈ ဇန်နဝါရီ
လူ့သမိုင်းမှာ ရောဂါဖြစ်တဲ့သူတွေကို ပမာဏအများဆုံးသီးသန့်ခွဲထားတယ်ဆိုတဲ့ လုပ်ဆောင်ချက်ဟာ မကြုံစဖူး ထူးကဲလှပါတယ်။ အဲဒီလို လုပ်ဆောင်လိုက်ခြင်းဖြင့် ဖြစ်ပွားနေတဲ့ရောဂါကို တားဆီးကာကွယ်နိုင်မယ်လို့တော့ သေချာပြောလို့မရသေးပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုလို့တော့ ဆိုရမှာဖြစ်ပါတယ်။
တိကျတဲ့အဖြေမထွက်ပေါ်သေး
တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ရဲ့ ဝူဟန်မြို့တော်မှာ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပေါ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရဟာ အဲဒီမြို့နဲ့ တခြားမြို့အတော်များများကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုံးဝ ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ခြင်းဖြင့် အဲဒီမြို့တွေမှာ နေထိုင်တဲ့ ခန့်မှန်းလူဦးရေ ၅၆ သန်းကို ရောဂါခြေချုပ်နဲ့ ထားလိုက်သလို ဖြစ်ခဲ့တာပါ။ ။
တခြားနိုင်ငံအစိုးရတွေလည်း အခုလိုဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဟောင်ကောင်ဟာဆိုရင် ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်က လာတဲ့ခရီးသွားတွေအားလုံးကို တားမြစ်လိုက်ပါတယ်။ ဗိုင်းရပ်စ်ကူးစက် ခံရသူတွေကို သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အပန်းဖြေရွာနှစ်ရွာမှာ ရောဂါခြေချုပ်စင်တာတွေကိုလည်း ဖွင့်လှစ်ပေးထား လိုက်ပါတယ်။
တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ ဇောင်နန်ရှန်က အစက်ကလေးတစ်စက်လို ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်စ်တွေကို တားဆီးဖို့ အကောင်းဆုံးနည်းလမ်းကတော့ သီးသန့် ခွဲခြားမှုလုပ်ဆောင် ခြင်းပါပဲလို့ ပြောကြားလိုက်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ အလုပ်ဖြစ်ရဲ့ လားဆိုတာကတော့ အခုချိန်အထိ တိကျတဲ့အဖြေ မထွက်ပေါ်လာသေးပါဘူး။
ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်လာ
လူပေါင်း ၁၉ သန်းကျော်နေထိုင်တဲ့ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ယုံကြည်ရတဲ့ လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာအခြား ပြဿနာရှိနေသူတွေဟာ ဆရာဝန်တွေကိုတွေ့ဖို့ အခက်အခဲတွေဖြစ်နေပါတယ်။ ဆိုတဲ့သဘောကတော့ ဆရာဝန်မလောက်ငတဲ့ပြဿနာဟာ အခုလို အချိန်မျိုးမှာရင်ဆိုင်ရတဲ့ အဆိုးရွားဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒေသခံတွေဟာ လူမှုမီဒီယာတွေပေါ်မှာ ပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေအပေါ် မယုံကြည်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။
ဆေးရုံမှာလူတွေပြည့်ကျပ်နေတာကြောင့် မကျန်းမာဟုယူဆရသူတွေနဲ့ ကျန်းမာသူတွေ ရောကုန်ပါတယ်။ အဲဒီလိုအခြေအနေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မယ့် အခြေအနေတွေကို ပိုမိုဖန်တီးပေးနေသလိုပါပဲ။ တချို့လူတွေဟာ အခုလိုအခြေအနေဆိုးတွေဖြစ်နေတဲ့ မြို့ကနေလွတ်မြောက်ပြီး ဒီထက်ပိုမို စိတ်ချရတဲ့နေရာတွေကိုသွားဖို့ ကြိုးစားနေကြပါတယ်။
ဝူဟန်မြို့က အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ တရုတ်နှစ်သစ်ကူး ခရီးသွားအစီအစဉ်ကို မစွန့်လွှတ်နိုင်ဘဲ မရရအောင်သွားဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အဖျားကျဖို့အတွက် အဖျားကျဆေးသောက်ပြီး ကျန်းမာရေး စစ်ဆေးမှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲသူဟာ ပြင်သစ်ကို ရောက်ရှိခဲ့တယ်လို့ လူမှုမီဒီယာမှာ ဝန်ခံခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်ခြင်းကို ထိန်းသိမ်းဖို့သီးသန့် ခွဲခြားမှုတွေလုပ်ဆောင်နိုင်ရေး တင်းကျပ်စွာပိတ်ပင်တားဆီးခြင်းကို မဖြစ်မနေ ပြုလုပ်ကြပါတယ်။ ဒါကိုသိတဲ့အချို့သူတွေဟာ ဒီလိုဆိုးရွားလှတဲ့ အခြေအနေက ကျော်လွှားဖို့ ဖြစ်နိုင်သမျှနည်းလမ်းကို အသုံးပြုပြီး အတတ်နိုင်ဆုံး ကြိုးစားကြတဲ့အတွက် သီးသန့်ခွဲခြားမှုလုပ်ဆောင်ခြင်းဟာ အပြည့်အ၀ အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။ အဲဒီလိုလူတွေဟာ တင်းကျပ်တဲ့ တားဆီးမှုတွေကို နည်းလမ်းရှားရှောင်တိမ်းပြီး အလုံပိတ်ထားတဲ့မြို့က ထွက်ခွာလာနိုင်ခဲ့ပါတယ်။ သူတို့ဟာ ပြင်ပကမ္ဘာကိုရောက်လာတဲ့အခါ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။
ရောဂါခြေချုပ်လုပ်ခဲ့တယ်
ဒီလိုရောဂါမကူးစက်စေဖို့ သီးသန့်ခွဲထားတဲ့ဥပဒေ သို့မဟုတ် ရောဂါ ခြေချုပ်ဥပဒေ (ရက်ပေါင်း ၄၀ ကြာ) ကို ၁၃၇၀ပြည့်နှစ်လောက်က ပလိပ်ကပ် ရောဂါကိုကာကွယ်ဖို့ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ပြဋ္ဌာန်းခဲ့ဖူးတာရှိပါတယ်။ ဘယ်လောက်ထိ ထိရောက်ခဲ့သလဲဆိုတာကတော့ လေ့လာမှုတွေ မပြုလုပ်ခဲ့ပါဘူး။ စက်မှုခေတ်တုန်းကလည်း ဥရောပနိုင်ငံတွေဟာ ကူးစက်ရောဂါ မပြန့်ပွားစေရေး ပထဝီဝင်နယ်နိမိတ်တွေသတ်မှတ်ပြီး အဝင်အထွက်ကို ပိတ်ဆို့ကာ အစောင့်အကြပ်တွေထားရှိပြီးတောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉ ရာစုကလည်း ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အမိကမြို့ကြီးတွေမှာ ပင်လယ်ရေကြောင်းခရီးသွားတွေအတွက် ရောဂါမကူးစက်အောင် သူတို့ကို သီးသန့်ခွဲထားတဲ့နေရာတွေ ထားရှိခဲ့ပါတယ်။ ။
၁၈၉၂ ခုနှစ်မှာ ရုရှား-ဂျူး ရွှေ့ပြောင်းအခြေချသူတွေနေထိုင်ရာ နယူးယောက်မြို့ရဲ့ အရှေ့အနိမ့်ပိုင်းဒေသမှာ တိုက်ဖွိုက်ဖြစ်တုန်းကလည်း ရောဂါမကူးစက်အောင် သီးသန့်ခွဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်က တရုတ်ရွှေ့ပြောင်းအခြေချသူ အများစုနေထိုင်ရာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ တရုတ်တန်းမှာ ပလိပ်ကပ်ရောဂါကူးစက်မှုမှ ကာကွယ်ဖို့ သီးသန့်ခွဲထားတဲ့ နေရာလေးတွေကို ဆန်ဖရန်စစ္စကို အာဏာပိုင်တွေက ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဆရာဝန်အချို့က အသားစားတဲ့သူတွေမှာမဟုတ်ဘဲ ဆန်စားတဲ့သူတွေမှာ ပလိပ်ရောဂါကူးစက်နိုင်တယ်ဆိုပြီး အယူအဆတွေ ကွဲပြားခဲ့ကြပါတယ်။
၁၉၁၈-၁၉၁၉ ခုနှစ်မှာလည်း ကမ္ဘာအနှံ့ဖြစ်ပွားတဲ့ တုပ်ကွေးကူးစက် ရောဂါကြောင့် လူပေါင်း သန်း ၅၀ လောက် သေဆုံးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စုမှာ ဆေးမတိုးတဲ့အသက်ရှူလမ်းကြောင်း ဆိုင်ရကူးစက်ရောဂါဖြစ်ပွားမှုမှာလည်း ရောဂါကူးစက်ခံရသူလို့ သံသယရှိသူတွေကို သီးသန့်ခွဲထားတာတွေ၊ လူစုလူဝေးဖြစ်ခြင်းကို တားဆီးတာတွေ၊ လမ်းတွေနဲ့ ရထားဘူတာတွေကို ပိတ်ဆို့ခြင်းတွေနဲ့ ကျောင်းတွေကို ပိတ်ခြင်း တွေပြုလုပ်ခဲ့ရပါတယ်။ အဲဒီတုန်းကလည်း လူတွေအတော်များများသေဆုံးခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကလည်း မက္ကဆီကိုနိုင်ငံမှာ H1N1 တုပ်ကွေးရောဂါကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာလည်း သံသယဖြစ်ဖွယ်ရှိသူတွေကို သီးသန့် ခွဲထားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းတွေကိုလည်းပိတ်ခဲ့ပြီး လူတွေ စုဝေးခြင်းကိုလည်း တားဆီးခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းကြောင့် အသစ်ထပ်မံဖြစ်ပွားမယ့် တုပ်ကွေးရောဂါကူးစက်မှုတွေကို မဖြစ်ပွားအောင် ထိုက်သင့်သလောက် လုပ်ဆောင်နိုင်ခဲ့သော်လည်း သေဆုံးသူ အရေ အတွက်ဟာ ၄၂၀၀မှ ၁၂၀၀၀ အထိ ရှိခဲ့ပါတယ်။
တိုက်တွန်းမှုတွေလုပ်ဆောင်
ယနေ့တရုတ်နိုင်ငံမှာလည်း ဘယ်တုန်းကနဲ့မှမတူတဲ့ သီးသန့် ခွဲခြား မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ၂၀၀၂-၂၀၀၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ တေးစ်ရောဂါကို ပြန်လည်အမှတ်ရစေပါတယ်။ ဘယ်ကူးစက်ရောဂါမဆို အစောဆုံးသိရင် ထိရောက်တဲ့ဟန့်တားမှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်ကသာ တိကျတဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ အခု ဝူဟန်မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာလည်း အကောင်းဆုံးတားဆီးကာကွယ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ တရုတ်နိုင်ငံဟာ ဒီအရေးမှာ အခြားသောနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်သွားမှာဖြစ်သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူအိတ်ခ်ျအိုကို အကြောင်းကြားခဲ့ပါတယ်။ ဒဗလျူအိတ်ခ်ျအိုကလည်း အခြေအနေ တွေကိုစောင့်ကြည့်နေပြီး ကမ္ဘာ့အရေးပေါ်ကျန်းမာရေးအဆင့်ကြေညာဖို့ စောလွန်းသေးတယ်လို့ ပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားပြီးနောက် မြို့ကိုပိတ်ပြီးနဲ့ မပိတ်ခင်အခြေအနေမှာ ဝူဟန်မြို့ထဲက လူဦးရေ ငါးသန်းလောက် တခြားနေရာတွေကို ထွက်ခွာခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။ တရုတ်နိုင်ငံကတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်မဖြစ်ဖို့နဲ့ နေမကောင်း ဖျားနာနေရင် အိမ်ထဲမှာနေဖို့၊ ကောင်းမွန်စိတ်ချရတဲ့ လက်ဆေးနည်းတွေ လိုက်နာကျင့်သုံးဖို့၊ အသက်ရှူလမ်းကြောင်း ကောင်းမွန်ရေး ဂရုစိုက်ဖို့၊ ရေများများသောက်ဖို့၊ လူထူထပ်တဲ့နေရာတွေမသွားဖို့တွေကို တိုက်တွန်းမှုတွေ လုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် တချို့သူတွေက ရောဂါမပျံ့နှံ့ရေး မြို့ကိုလုံးပိတ်လိုက်သော်လည်း အချိန်နှောင်းနေပြီလို့ ဆိုကြပါတယ်။
ကိုးကား - နယူးယောက်တိုင်းမ်
ထွန်းသစ်စ