ရန်ကုန် ၁၉ စက်တင်ဘာ
မြို့တွင်းရှိ CNG ဆိုင်အချို့ကို မြို့ပြင်တွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း YRTA အဖွဲ့ဝင်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောသည်။
"ဒီမြို့ထဲမှာ ဘတ်စ်ကားကြီးတွေ CNG ဖြည့်တယ်ဆိုတာ တကယ်တော့ ဘယ်လိုမှ မသင့်တော်ပါဘူး၊ ဒါ ဟိုတုန်းက Strategy (မဟာဗျူဟာ) မှားခဲ့တဲ့သဘောပါ၊ ဒါကိုကျွန်တော်တို့က ဘယ်လိုဖြေရှင်းမလဲဆိုရင် YRTA နဲ့ YBS ကုမ္ပဏီတွေ ကျွန်တော်တို့ မြေကွက်တွေရှာမယ်၊ ရှာပြီးလို့ရှိရင် အဲဒီဘတ်စ် Terminal တွေမှာပဲ ကျွန်တော်တို့ ဒီဘက်က Efficiency Effective (အချိန်တိုတိုနှင့် ထိရောက်သည့် အကျိုးသက်ရောက်မှု) သိပ်မဖြစ်တဲ့ ဆိုင်တွေကို ဆိုင်ပြောင်းရွှေ့စရိတ်လောက်ပဲ အသုံးပြုခြင်းဖြင့် ကျွန်တော်တို့ အဲဒီ YBS Terminal တွေ မြို့ပြင်မှာ ဖြစ်သွားပြီးဆိုရင် အခုမြို့ထဲမှာရှိနေတဲ့ ဆိုင်တွေမှာ YBS ကားတွေ တန်းစီမှု ပပျောက်သွားမှာပါ”ဟု ဦးလှဝင်းဌေး က ပြောကြားသည်။
လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ YBS ယာဉ်များ CNG ဖြည့်သည့်ဂက်စ်ဆိုင် ၃၁ ဆိုင်ကို ဇုန်လေးဇုန်ခွဲပြီး စောင့်ကြည့်စစ်ဆေးချက်အရ အလုံမြို့နယ်ရှိ ဆိုင်အမှတ် ၂ နှင့် ၃ သည် လမ်းတစ်လမ်းသာခြားသောကြောင့် တစ်ဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့နိုင်ကြောင်း၊ ဒဂုံအရှေ့မြို့နယ်တွင်လည်း ဆိုင်အမှတ် ၁ နှင့် ၂ မှာလည်း ခြံစည်းရိုးသာခြားသောကြောင့် ယင်းနေရာမှ ဆိုင်တစ်ဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့နိုင်ကြောင်း၊ ထို့ပြင် သန်လျင်တံတားအဆင်းရှိ CNG ဆိုင်တို့ကို မြို့ပြင်သို့ ပြောင်းရွှေ့နိုင်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနထံမှ သိရသည်။
ထိုသို့ မြို့တွင်းရှိ CNG ဆိုင်အချို့ကို မြို့ပြင်တွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ YRTA နှင့် YBS ကုမ္ပဏီများက မြေနေရာ ရရှိရေး ဆောင်ရွက်ရမည်ဖြစ်သည်။
"ကျွန်တော်တို့က ဆိုင်တစ်ဆိုင်ကို ရွှေ့ရတော့မယ် ဆိုတာနဲ့ မြေနေရာ လိုအပ်လာပါတယ်၊ အဲဒီမြေနေရာကို အပိုင်ရရမယ်၊ မြေနေရာအပိုင်ရပြီးရင် အဲဒီမြေနေရာကို လုံလောက်တဲ့ လုံခြုံတဲ့ ဝင်းခတ်ပြီးပြီးဆိုမှ ကျွန်တော်တို့ ဘတ်ဂျက်တင်ပြီးမှ ဆိုင်ပြောင်းလို့ရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဘက်ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုရော ပြည်ထောင်စုကိုရော ဖြစ်နိုင်ခြေတွေအားလုံးကို တင်ပြထားပြီးသား ဖြစ်ပါတယ်၊ အဓိက ကတော့ ရန်ကုန်မြို့မှာရှိတဲ့ ဝင်ပေါက်ခုနစ်ခုပေါ်မှာ YRTA အနေနဲ့ရော ခုန YBS ကုမ္ပဏီတွေအနေနဲ့ရော မြေနေရာ ရရှိရေး ပထမ ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးလှဝင်းဌေးက ပြောကြားသည်။
ထို့ပြင် စောင့်ကြည့်စစ်ဆေးချက်အရ YBS ယာဉ်လိုင်းများအနေဖြင့် CNG ဆိုင်များ၌ ဂက်စ်ဖြည့်ရာတွင် ဆိုင်အမှတ် ဝ၀၃ (အလုံ ၁)၊ ဝ၀၄ (ကျိုက္ကလို့)၊ ဝ၀၈ (ပုလဲ)၊ ဝ၂၁ (ဒဂုံဆိပ်ကမ်း)၊ ဝ၂၇ (ရွှေပြည်သာ အမှတ် ၂)၊ ဝ၄၂ (ထောက်ကြန့်)တို့တွင် ယာဉ်များ ပြည့်ကြပ်နေပြီး ယာဉ်ကြောကြပ်တည်းမှုများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန၏ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG သုံး YBS ယာဉ် အစီးရေ ၆၅၀ဝ ခန့်ရှိသော်လည်း CNG ဆိုင်များသို့ နေ့စဉ် လာရောက် ဂတ်စ်ဖြည့်သည့် ယာဉ်အစီးရေမှာ ၄၀ဝ၀ ခန့်ရှိကြောင်း သိရသည်။
CNG နေ့စဉ် သုံးစွဲမှုအနေဖြင့်လည်း ကုဗပေ ၂၄ ဒသမ ၁၄ သန်းရှိပြီး ယင်းအနက် YBS ယာဉ်များအနေဖြင့် ကုဗပေ ၁၃ ဒသမ ၄၁ သန်း သုံးစွဲလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရန်ကုန်မြို့တွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် CNG စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တိုးချဲ့ဖော်ဆောင်ခဲ့ပြီး ရန်ကုန်မြို့အတွင်း၌ CNG အရောင်းဆိုင် (၄၁)ဆိုင် ရှိကြောင်း သိရသည်။
အဆိုပါ CNG အရောင်းဆိုင်များတွင် တပ်ဆင်အသုံးပြုလျက်ရှိသော စက်ပစ္စည်းများကိုလည်း ကြံ့ခိုင်မှု ကောင်းစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် အရေးပေါ် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့(၁)ဖွဲ့နှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့(၂)ဖြင့် ဆောင်ရွက်ပေးလျက်ရှိကာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာကို သိရှိစေရန်အတွက် စက်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့များအား နိုင်ငံခြားပညာရှင်ဖြင့် Training များပေးလျက်ရှိကြောင်း သိရသည်။
Nyein Nyein


