၁။         မြန်မာနိုင်ငံရှိ မြစ်များတွင်  မုတ်သုန်ရာသီအစ  မိုးဦးကာလ၌  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်အတူ မြစ်ရေ မြင့်တက်လာမည် ဖြစ်ပါသည်။ မြစ်ရေ တက်လာမှုပေါ် မူတည်၍  ရေယာဉ်များ  အန္တရာယ်ကင်းစွာ  ခုတ်မောင်းသွားလာနိုင်ရန်  လိုအပ်သော   ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်၍  အလေးထား  လိုက်နာကြရန် လိုအပ်ပါသည်။  ရာသီဥတု ဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန်  လိုအပ်ပါသည်။

 

၂။         မြစ်ရေ မြင့်တက်လာမှုကြောင့်  ရေနည်းကာလတွင်ရှိခဲ့သော  သောင်နှင့်ကျွန်းများ  ရေမြုပ်၍ ရေမွှာပေါက်  ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ထို့အပြင် ရေများကာလတွင် ရေလမ်းများ အတွင်း  ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းများ  ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ရေအနက် မလုံလောက် သော   ရေမွှာပေါက်  ဖြတ်လမ်းများကို   အသုံးပြု  ခုတ်မောင်းခြင်း  မပြုကြရန်နှင့်   မိမိ ရေယာဉ်၏ စက်အားနှင့်  ရေစီးနှုန်းကို ချင့်ချိန်၍  သတ်မှတ်ရေလမ်းအတိုင်း  သတိပြုခုတ်မောင်းကြရန်  လိုအပ်ပါသည်။

 

၃။         မြစ်ကူးတံတား  ရေလမ်းများတွင်   ရေယာဉ်များ  ဝင်ရောက်ရမည့်  ဝင်ပေါက်တွင်   နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီး၊  ညအခါ  မီးစိမ်းထွန်း ပြသထားပါသည်။  မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြတ်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားပါသည်။

 

၄။         ရေများကာလတွင်  မြစ်ကူးတံတားကြီးများ၏  ရေလယ်တိုင်  အုတ်ခုံများမှာ  ရေမြုပ် နေပြီး ရေလယ်တိုင် ( ၂ )ခု အကြား၌   ရေစီးသန်သောကြောင့်  ရေယာဉ်များ  မြစ်ကူးတံတား   ရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့် တက်မစံနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်  ရယူ၍   ဖြတ်သန်းခုတ်မောင်းကြရန်နှင့်   တံတားရေလမ်းကို  ဖြတ်သန်းရာတွင်   ရေယာဉ် (၂)စီး   ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်   လိုအပ်ပါသည်။  အထူးသဖြင့် ရေယာဉ်များသည်  မိမိ၏ သယ်ဆောင်ဝန်အားနှင့်စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်း ကြရမည် ဖြစ်ပါသည်။  မနိုင်ဝန်ကို  သယ်ဆောင်ခြင်းမျိုး  မပြုကြရန်နှင့်  မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲ( ၁ )တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ်ပါသည်။

 

၅။        ရာသီဥတု    ပြောင်းလဲမှုကြောင့်     ရုတ်တရက်    လေပြင်းတိုက်ခတ်မှုနှင့်      မိုးမှောင်ကျမှု ဖြစ်ပေါ်သည့် အခါ  ရေယာဉ်  အန္တရာယ်မဖြစ်စေရေးအတွက်   အထူးသတိပြု   ခုတ်မောင်းကြရန်နှင့် လေပြင်း  တိုက်ခတ်စဉ်   ရေယာဉ်များ    လိုက်နာရမည့်   နည်းဥပဒေများအတိုင်း    လိုက်နာကြရန် ရေလမ်း သတိပေး  နှိုးဆော်အပ်ပါသည်။

 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန