မန္တလေး  ၂  မေ

 

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧပြီလကုန် မေလဆန်းမှစတင်ကာ မိုးရွာသွန်းသည့်အတွက် နှမ်းများကို စက်စွမ်းအားသုံးကာ  စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ထွန်စက်ဖြင့် ထွန်ယက်ခမှာ တစ်ဧကလျှင် ငွေကျပ် နှစ်သောင်းပေးရကြောင်း သိရပြီး လက်ရှိကာလ မိုးဦးကျချိန် ရာသီမီ စိုက်ပျိုးနိုင်ရန်အတွက် နေ့ရောညပါ စက်စွမ်းအားသုံးကာ နှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း ထွန်စက်အငှားဝန်ဆောင်မှုပေးသူ ကိုဝင်းထွန်းထံမှ သိရသည်။

 

မန္တလေးမြို့       အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ဧကပေါင်း ၅၁၂၆၈ ရှိကြောင်း သိရသည်။ ယခုနှစ် နွေရာသီတွင်  ဆည်တော်ကြီးမှ ပေးလွတ်သောရေဖြင့်  နွေစပါးစိုက်ဧက ၇၄၈၀ နှင့် နှမ်းစိုက်ဧက  ၄၈၀ဝ စိုက်ပျိုးခဲ့သည်။

 

အမရပူရမြို့နယ် ရေကြည်ပေါက်ရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်) ရေကြည်ပေါက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးဧက (၁၂၀)နှင့် နှမ်းစိုက်ဧက(၂၀ဝ) စုစုပေါင်းဧက ၃၂၀ လျာထားစိုက်ပျိုးခဲ့သည်။ ကျန်သည့်မြေများကို  မေလဆန်းပိုင်းမှစတင်ကာ မိုးဦးကျလာသည့်အတွက် စက်စွမ်းအားသုံးကာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

တိမ်တမန်