ကျောက်ပန်းတောင်း၊ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကာလ မိုးကောင်မွန်စွာရရှိသဖြင့် မြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် မြေပဲနှင့် နှမ်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး၊ ပေါင်းနှုတ်ခြင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ စိုက်ပျိုးရေးသွင်းအားစုများ ဈေးကြီးမြင့်လာမှုကြောင့် ယခုနှစ်သီးနှံပေါ်ချိန်တွင် ယမန်နှစ်ကကဲ့သို့ ဈေးကောင်းရရှိရေး တောင်သူများ မျှော်လင့်နေကြကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံများတွင် မိုးနှမ်းစိုက်ဧက ၁၁၂၅၂၅ ဧက၊ မိုးမြေပဲ ၂၂၁၃၇ ဧက နှင့် မိုးနေကြာ ၁၁၂၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ စိုက်ပျိုးပြီးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း၊ ပေါင်းမြက်သုတ်သင် ရှင်းလင်းခြင်းလုပ်ငန်းများကို လူလုပ်အားဖြင့် ဆောင်ရွက်လျက်ရှိကြရာ ယခုအခါတွင် ပေါင်းနုတ်လုပ်သား တစ်ဦးလျှင် အချို့ကျေးရွာများတွင် တစ်နေကုန် ၈၀၀၀ ကျပ်ပေးရပြီး၊ အချို့ကျေးရွာများတွင် တစ်နာရီ တစ်ထောင်ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၁၀ နာရီအတွက် ငွေကျပ် တစ်သောင်းပေး၍ ငှားရမ်းလုပ်ကိုင်ကြရကြောင်းသိရသည်။ ယခုနှစ်တွင် စိုက်ပျိုးရေးသွင်းအားစုများ ဖြစ်သည့် မျိုး၊ အားဆေး ပေါင်းသတ်ဆေး နှင့် ပိုးသတ်ဆေးများ ဈေးကြီးပေးဝယ်ယူကြရသည့်နည်းတူ လုပ်သားငှားရမ်းခများလည်း ဈေးပိုမိုလာသဖြင့် သီးနှံပေါ်ချိန်တွင် မိုးလေမှန်ကန်ပြီး၊ အထွက်နှုန်း ကောင်းမွန်၍ သီးနှံများဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


