ရန်ကုန် ၊ ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းဘေးမဲ့တော အပန်းဖြေစခန်း၌ ၂၀၂၃-ခုနှစ်၏ ခရီးသွားရာသီတွင် ငှက်ကြည့်ဝါသနာရှင်များ၊ လေ့လာသူများနှင့် အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တော အပန်းဖြေစခန်းသို့ ဆောင်းရာသီ ခရီးသွားကာလတွင် နေ့စဉ်ခရီးသွား အပန်းဖြေ လာရောက်လေ့လာသူ ၁၀၀ မှ ၁၅၀ ခန့်ရှိပြီး စနေ၊ တနင်္ဂနွေနေ့များ၌ ခရီးသွား ၃၀၀ ခန့် ဝင်ရောက်လျက်ရှိသည်။ နှစ်သစ်ကူးနေ့နှင့် လွတ်လပ်ရေးနေ့တို့တွင် ခရီးသွား ၆၀၀ ကျော် ဝင်ရောက်အပန်းဖြေခဲ့ပြီး အေးချမ်းသော နေထွက်ချိန်သဘာဝအလှနှင့် နံနက်ခင်းဆောင်းခိုငှက်တို့ အစာရှာချိန်တို့တွင် အပန်းဖြေ သူ နှင့်ငှက်ကြည့်ဝါသနာရှင်တို့ဖြင့် အထူးစည်ကားခဲ့သည်။
"ဆောင်းခိုငှက်ဝင်ရောက်ချိန်ဖြစ်ပြီး ခရီးသွားရာသီဖြစ်တဲ့အတွက် မိုးယွန်းကြီးအင်း ဘေးမဲ့တောကို အပန်းဖြေလာရောက်တာများပါတယ်။ ခရီးသွားတွေအပန်းဖြေငှက် ကြည့်နိုင်ဖို့အတွက် အင်းထဲမှာစက်လှေတွေ စီစဉ်ပေးထားပါတယ်။ ပြည်တွင်း/ပြည်ပ ခရီးသွားတွေ ငှက်ကြည့်ရာမှာ အဆင်ပြေပြေလေ့လာနိုင်ဖို့ အတွက်Guideတွေလည်း ထားရှိပါတယ်။ ပြီးတော့ အင်းထဲမှာ ငှက်ကြည့်ရင်း ဘုရားလည်းဖူးနိုင်ပါတယ်။ စိတ်ကြည်နူးမှုရရှိအောင် ကြာပင်တွေနဲ့ စိမ်းစိုအပင်တွေစိုက်ပျိုးထားပြီး အပန်းဖြေတဲ့ အခါမှာလည်း ဘန်ဂလိုမှာတည်းခိုတာထက် သဘာဝအတိုင်း တည်းခိုအပန်းဖြေနိုင် အောင်လည်း စီစဉ်ပေးထားပါတယ်။ နှစ်သစ်ကူးနဲ့လွတ်လပ်ရေးနေ့မှာ အပန်းဖြေခရီးသွား ဝင်ရောက် ခဲ့တာကြောင့် လာမယ့်ပြည်ထောင်စုနေ့မှာလည်း ခရီးသွားဝင်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်"ဟု မိုးယွန်းကြီးအင်းဘေးမဲ့တော အပန်းဖြေစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တောသည် ဧက ၂၅၆၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် ပထမဆုံးရေဝပ်ဒေသ (Ramsar Site)အဖြစ် ၂၀၀၅-ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး မြန်မာ နိုင်ငံသို့ ဆောင်းခိုငှက်များဝင်ရောက်ရာ အရှေ့အာရှ - ဩစတြေးလျ ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း Flyway Network Site ပေါ်တွင် တည်ရှိသောကြောင့် ၂၀၁၄-ခုနှစ်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ဌာနေငှက်များနှင့် ဆောင်းခိုငှက်များကျက်စားရာ နေရာဖြစ်၍ ကမ္ဘာတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော ရေပျော်ငှက် များထိန်းသိမ်းကာကွယ်ရာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောလည်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ် ရန်ကုန်-မန္တလေးကားလမ်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအလွန်တွင် ကားလမ်းမှအတွင်းသို့ ၆ ဖာလုံခန့်ဝင်ရောက်၍ ခရီးသွားများ လာရောက်အပန်းဖြေလျက်ရှိသည်။ ဆောင်းရာသီတွင် သဘာဝ အလှတို့နှင့်အတူ ဆောင်းခိုငှက်များဖြင့် အလှချင်းပြိုင်လျက်ရှိသော မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ခရစ္စမတ်နေ့နှင့် လွတ်လပ်ရေးနေ့တို့တွင် ခရီးသွားများနှင့် အပန်းဖြေသူများ တစ်ဖွဲဖွဲဝင်ရောက်ခဲ့သည်။ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ ခရီးသွားရာသီတွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဆောင်းအအေးဓာတ်နှင့်အတူ အပန်းဖြေသူများ၊ ငှက်ကြည့်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ် )