သိန်းညွန့်(PZL)
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရမ်ဆာရေဝပ် ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ ဆောင်းခိုငှက်များ ကျက်စားရာဒေသ၊ အရှေ့အာရှ သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းပေါ်သို့ ကျရောက်သည့်ဒေသအဖြစ်လည်း နိုင်ငံတကာက အလေးအနက်ပြု မှတ်တမ်း တင်ထားသော ဘေးမဲ့တောလည်း ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးနှင့် ဝေါမြို့နယ်အတွင်း တည်ရှိသော မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကြိုးကြာ၊ ခရုစုတ်ခေါင်းမည်း၊ ငှက်ကျား၊ ငှက်ကြီးဝန်ပို၊ လင်းယုန် ငှက်မျိုးစိတ်နှင့် မြန်မာ့ဒေသ ရင်းဖွား လိပ်မျိုးစိတ်၊ စင်းချောလိပ်နှင့် ဆောက်လိပ်များ ထိန်းသိမ်းကာကွယ်ရာဒေသ ဖြစ်ပါ၏။ ရေပျော်ငှက် ၈၃ မျိုး၊ ကုန်းငှက် ၁၀၆ မျိုး၊ အင်းဆက်၊ လိပ်ပြာမျိုးစိတ် ၄၉ မျိုး၊ ငါးမျိုးစိတ် ၄၆ မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် ၁၂ မျိုးတို့၏ ဘူမိနက်သန်ဒေသဖြစ်သည့် “မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ နှစ်အထိ လေးနှစ်တာကာလအတွင်း မှတ်တမ်းမဝင်သေးသော ငှက်မျိုးစိတ်သစ် ၁၀ မျိုးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ အင်းကြီးသည် ကိုလိုနီခေတ်က ပဲခူး စစ်တောင်းတူးမြောင်းအတွင်း သစ်ဖောင်၊ ဝါးဖောင်များ မျှောချရန် အတွက် ရေလှောင်ကန်အဖြစ် တည်ဆောက်ခဲ့ရာမှ သဘာဝအင်းအဖြစ် တည်ရှိလာခဲ့ကြောင်း သိမှတ်ရပါ၏။
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
ဤသို့ဖြင့် ၁၉၈၈ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် တရားဝင်ကြေညာခဲ့ပြီး ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ ပျော်စံကြရာ ဒေသအဖြစ် ဧရိယာ စတုရန်းမိုင် ၄၀ (ဧက ၂၅၆၀၀) ကို လွှမ်းခြုံထားပေသည်။ “မိုးယွန်းကြီးအင်းဘေးမဲ့တော” သို့ ဆောင်းရာသီကာလအတွင်း နိုင်ငံတကာက ပျံသန်းရောက်ရှိလာကြပြီး နားခိုကြသည့်ငှက်များအပြင် ဌာနေငှက်များလည်း ရှိပေရာ လအလိုက်၊ နှစ်အလိုက် လေ့လာစေ့ငုချက်အရ ငှက်မျိုးစိတ်သစ် ၁၀ မျိုးကို လေ့လာ တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ ယင်းငှက်မျိုးသစ် ၁၀ မျိုးမှာ လက်ရှိအနေအထားတွင် အင်္ဂလိပ်အမည်များဖြင့်သာ မှတ်တမ်းတင်ထားနိုင်ပြီး အကြမ်းအားဖြင့် ဂေါ်ပြားနှုတ်သီး (Northern Shoveler)၊ ဒေါင်းလန်းခြေထောက် (White-headed Stilt)၊ Red-Breasted Mergansar၊ စင်ရော်(Heuglin's Gull)၊ ငှက်နှုတ်သီးလန် (Pied Avocet)၊ Short-tailed Shearwater-Ardenna tenuirostris၊ မြစ်တွေး (Caspian Tern)၊ ကြိုးကြာခေါင်းမည်း (Common-Crane) တို့ ဖြစ်ကြပါသည်။
မျိုးသုဉ်းအန္တရာယ်ရှိ ငှက်မျိုးစိတ်များ
မိုးယွန်းကြီးအင်း ဘေးမဲ့တောရှိ “ငှက်ကြီးဝန်ပို၊ ကြိုးကြာ၊ ငှက်ကျား၊ လင်းယုန်” စသည့်ငှက်မျိုးစိတ် များမှာလည်း မျိုးသုဉ်းရန် အန္တရာယ်ရှိသော ငှက်မျိုးစိတ်များအဖြစ် ကာကွယ်ထိန်းသိမ်းနေရကြောင်း သိရပါ၏။ ဤကဲ့သို့ “မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” ၌ ငှက်မျိုးစိတ်များ ကာကွယ် စောင့်ရှောက်ပေးထားခြင်းအားဖြင့် စိုက်ခင်းသီးနှံများ၌ ပိုးမွှားအန္တရာယ်များ ကာကွယ်နိုင် ခြင်း အပါအဝင် ဝတ်မှုန်ကူး၊ မျိုးစေ့ကြဲခြင်းတို့ကို ဆောင်ရွက်နိုင်ပေရာ လူသားများအတွက် လူသုံးကုန်၊ ဆေးဖက်ဝင်ခြင်းနှင့် ကြွက်အန္တရာယ် များကို နှိမ်နင်းကာကွယ် ပေးစွမ်းနိုင်ပါ၏။
အရေးပါလှသည့် ဘေးမဲ့တော
“ရမ်ဆာရေဝပ်ဒေသ” သတ်မှတ်ချက်များအဖြစ် မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် အချက်ကိုးချက် ရှိသည့်အနက် မျိုးသုဉ်းရန် အန္တရာယ်ရှိသော ကြိုးကြာ၊ လင်းယုန်၊ ဆောက်လိပ်များ နေထိုင်ကျက်စားခြင်း၊ ရေပျော်ငှက်ကောင်ရေ ၂၀၀၀၀မှ ၃၀၀၀၀ အထိ လာရောက် ကျက်စားကြခြင်း၊ ဆောင်းခိုငှက် ဘဲရစ်ကောင်ရေ တစ်ကမ္ဘာလုံး၏ တစ်ရာခိုင်နှုန်း ကျက်စားခြင်း စသည့်အချက်သုံးချက်ကြောင့် အရေးပါလှသည့် ဘေးမဲ့တော အဖြစ် မှတ်တမ်း ပြုထားရပေသည်။
အချုပ်ဆိုရပါလျှင် ၂၀၀၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့အရေးကြီး ရမ်ဆာရေဝပ် ဒေသအဖြစ်ဖြင့် ကနဦး အသိအမှတ်ပြုခြင်းခံထားသော ရေပျော်ငှက်အပါအဝင် ဆောင်းခိုငှက်များ ပျော်စံရာ၊ ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားရာ ဂေဟစနစ်အကျိုးပြုရာ “မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အရှည်တည်တံ့ရေးအတွက် ဌာနဆိုင်ရာသာမက ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုကိုပါ တိုးမြှင့် ဖော်ဆောင်လျက်ရှိပါကြောင်း သတင်းစကား ပါးလိုက်ရပါသည်။


