ရန်ကုန် ဇန်နဝါရီ ၆
ကမ္ဘာ့ဆောင်းခိုငှက်မျိုးစိတ်များ ကျက်စားရာ ရမ်ဆာရေဝပ်ဒေသ (Ramsar Site) တစ်ခုဖြစ်သည့် မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ ဆောင်းခိုငှက်၊ ဌာနေရေပျော်ငှက်နှင့် ငှက်မျိုးစိတ် ၁၁၅ မျိုး လာရောက်ဆောင်းခိုနေကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ဒီနှစ်ဆောင်းရာသီမှာ ဆောင်းခိုငှက်မျိုးစိတ်လေးမျိုး လျော့နေတာတွေ့ရတယ်။ မိုးရေဝင်ရောက်မှု များခဲ့တာရယ်၊ အအေးဓာတ်လျော့နေတာကြောင့် ဆောင်းခိုငှက်အဝင်နည်းသေးတာလို့ ပြောရမှာပါ။ အခုလကုန်ပိုင်းဆိုရင် ဝင်ရောက်မှု ကောင်ရေအတိအကျသိနိုင်ပါပြီ။ မိုးယွန်းကြီးအင်းကို ရှားပါးငှက်မျိုးစိတ် ၁၀ မျိုး ဝင်ရောက်လေ့ရှိပြီးတော့ ဒီရာသီမှာ မျိုးစိတ်ငါးမျိုးတွေ့နေရပါပြီ။ နောက်လမှာအားလုံးတွေ့ရနိုင်ပါတယ်” ဟု မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော အုပ်ချုပ်ရေးမှူးက ပြောသည်။
မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ယခုဆောင်းရာသီ၌ အင်းရေပြည့်နေပြီး အနိမ့်ဆုံးနေရာတွင် ရေအနက် ငါးပေကျော် နှင့်အနက်ဆုံးနေရာ၌ ၁၀ ပေကျော်ရှိနေ၍ ဆောင်းခိုငှက်ဝင်ရောက်မှု ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်လျော့နည်းနေသော်လည်း လကုန်ပိုင်းတွင် ထပ်မံဝင်ရောက်လာနိုင်သည်ဟု မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးက ခန့်မှန်းထားသည်။
ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ဆောင်းခိုငှက်မျိုးစိတ် လေးမျိုးမှ ငှက်ကောင်ရေ ၆၄၀ ကျော် လျော့နည်းခဲ့သော်လည်း ယခုနှစ်ဆောင်းရာသီ၌ ဆောင်းခိုငှက်မျိုးစိတ် ၃၀ တွင် ကောင်ရေ ၃၇၀၀ ကျော်၊ ဌာနေရေပျော်ငှက်မျိုးစိတ် ၁၉ မျိုးတွင် ကောင်ရေ ၈၉၀၀ ကျော်၊ ကုန်းနေငှက်မျိုးစိတ် ၆၆ မျိုးတွင် ကောင်ရေ ၇၅၀၀ ကျော် စုစုပေါင်း ငှက်မျိုးစိတ် ၁၁၅ မျိုးမှ ငှက်ကောင် ရေ ၂၀၀၀၀ ကျော်ဝင်ရောက်ကျက်စားလျက်ရှိပြီး နို့တိုက်သတ္တဝါ ၁၂၀၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၂၈ မျိုး၊ အင်းဆက် ၃၃ မျိုး၊ ငါးမျိုးစိတ် ၄၄ မျိုးနှင့် ရေနေပင် ၇၄ မျိုးတို့ တည်ရှိနေကြောင်း သိရသည်။
အင်းအတွင်းနှင့် အင်းဧရိယာအစပ်တို့၌ ဘဲပြာကလေး၊ တောဝမ်းဘဲ၊ ခရုတုတ်၊ ခရုစုတ် ခေါင်းမဲ၊ ရေညှောင့်၊ ဒီလုံး၊ ဒေါင်းလန်း ခြေထောက်၊ တစ်တီတူး၊ တလိုင်းခေါင်း၊ တောဝမ်းဘဲ၊ ဘဲအ၊ စစ္စလီ၊ ရေကြက်ဒုံ၊ အော်ယော်၊ ဇင်ရော်နှင့် အခြားဆောင်းခိုငှက်များ ကျက်စားလျက်ရှိပြီး ဒိုက်များနှင့် ကြာတောများအတွင်း ၌ တင်ကျီး၊ ဥပန်း၊ စစ္စလီ၊ မယ်ညို၊ ကရကတ်၊ ခရုစုတ်၊ ငှက်ကျား၊ ခရုစုတ်ခေါင်းမဲ၊ ငဟစ်၊ ဗျိုင်းအောက်၊ ကြာဖက်နင်း၊ ဘောင်ထုတ်၊ စွန်တောက်ကျား၊ လင်းဝက်၊ ပိန်းညှင်း၊ ပုဇဉ်း ထိုး၊ ငှက်တစပ်၊ စွန်တောင်နက်၊ ဒေါင်းစွန်၊ ငှက်တော်၊ ငှက်ပန်းထိမ်၊ ဗျိုင်းမျိုးစိတ်များနှင့် အခြားဌာနေရေပျော်ငှက်များ ကျက်စားလျက်ရှိကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ဆောင်းခိုငှက်များ အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ဝင်ရောက်လေ့ရှိပြီး ဧပြီလနောက်ဆုံးပတ်တွင် ပြန်လည်ထွက်ခွာလေ့ရှိကြောင်း သိရသည်။
ညိမ်းသူ( သတင်းစဉ်)
ဓာတ်ပုံ - မိုးယွန်းကြီးအင်းအုပ်ချုပ်ရေးမှူးရုံး
%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%84%E1%80%BE%E1%80%80%E1%80%BA%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BE%E1%80%80%E1%80%BA%E1%80%81%E1%80%9B%E1%80%AF%E1%80%85%E1%80%AF%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B2(Black-%20headed%20Ibis(.jpg)


