မကြာခင် လက်ထပ်တော့မယ့် BIG BANG အဖွဲ့က TAEYANG

၂၀ ဒီဇင်ဘာ

 

ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့က Taeyang ဟာ မကြာခင်မှာ သူ့ချစ်သူ မိန်းကလေးနဲ့ လက်ထပ်တော့မှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က သူ့ရဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

 

“ပရိသတ်ကြီးကို ကျွန်တော့်ဘဝရဲ့ အရေးကြီးတာတစ်ခု မျှဝေစရာ ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော့်ဘဝရဲ့ လက်ကျန်အချိန်တွေကို မင်ဟိုရင်နဲ့ ဖြတ်သန်းတော့မှာပါ။ သူက လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကျွန်တော့်ဘေးမှာ အမြဲရှိခဲ့သူပါ” လို့ Taeyang က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

 

သူနဲ့ ကျွန်တော်ဟာ ပြီးခဲ့တဲ့အချိန်တွေမှာ ဆိုးအတူ၊ ကောင်းအတူ အတူတကွ ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ပိုမိုလှပတဲ့ ဘဝလေးကို ပုံဖော်ကြတော့မှာပါ။ ပရိသတ်တွေ အနေနဲ့လည်း ကျွန်တော်တို့စုံတွဲကို ဆက်လက်အားပေးကြဖို့ မျှော်လင့်ပါတယ်လို့လည်း Taeyang က ရေးသားခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ်က စတင် ချစ်ကြိုးသွယ်ခဲ့တဲ့ Taeyang နဲ့ ရုပ်ရှင်သရုပ်ဆောင် မင်ဟိုရင်တို့ရဲ့ မင်္ဂလာပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပမှာဖြစ်ပြီး Taeyang ရဲ့ စစ်မှုထမ်းကာလ မတိုင်မီ လက်ထပ်ပွဲကို ကျင်းပမှာဖြစ်ကြောင်း Taeyang ရဲ့ အေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီ အင်န်တာတိန်းမန့်က အတည်ပြု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ဖြစ်တဲ့The Korea Herald က ဖော်ပြထားပါတယ်။

 

Taeyang ရဲ့ချစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်ဟိုရင်ဟာ Sunny ဟာသ ဒရမ်မာဇာတ်ကားနဲ့The Grand Heist လို့ အမည်ရတဲ့ တောင်ကိုရီးယား နန်းတွင်းရာဇဝင် ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ရာကနေ လူသိများခဲ့ပြီး ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Taeyang ရဲ့ 1AM တေးသီချင်း ဗီဒီယိုမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ 

 

ဖြိုး(MDN)