ပဲခူး ဧပြီ ၂၆

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ ပဲခူးတက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ် အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မှ မကြာမီ အဝေးသင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စတင်အပ်နှံနေပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်အတွင်း ကျောင်းသား/ကျောင်းသူများအား သတ်မှတ်အဆောင်များတွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပဲခူးတက္ကသိုလ်အတွင်း လက်ရှိမြေအသုံးချမှု အခြေအနေနှင့် အနာဂတ်တွင် တိုးချဲ့ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြေအသုံးချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကြာမီ ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာ သင်ကြားတော့မည်ဖြစ်၍ တက္ကသိုလ်အတွင်း/အပြင် သန့်ရှင်းသပ်ရပ်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးတို့အား ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာရေးတွင် ဘာသာရပ်အလိုက် လက်တွေ့သရုပ်ပြခြင်းများလည်း ပါဝင်သဖြင့် နောက်ပိုင်းတွင် လက်တွေ့ခန်းများ၊ ဓါတ်ခွဲခန်းများ၊ သရုပ်ပြခန်းများ စသည်တို့အတွက် မြေနေရာများ လိုအပ်လာနိုင်ကြောင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတွက်လည်း တိုးချဲ့ဆောင်များ လိုအပ်လာနိုင်ကြောင်း၊ ယခုအချိန်ကတည်းက မိမိတို့တက္ကသိုလ်ပိုင်မြေအတွင်း တရားမဝင် ကျူးကျော်စိုက်ပျိုးခြင်း၊ နေထိုင်ခြင်းမရှိစေရေး ကြိုတင်ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ ပဲခူးတက္ကသိုလ်သို့ အဆင့်တိုးမြှင့်ခဲ့စဉ်ကတည်းက လိုအပ်လျက်ရှိသော ရုက္ခဗေဒဥယျာဉ်အား မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတက္ကသိုလ်ရှေ့ မျက်နှာစာတစ်လျှောက် အရိပ်ရပင်များစိုက်ပျိုးခြင်း၊ လျှောက်လမ်းများနှင့် ထိုင်ခုံများထားရှိနိုင်ရေး ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနဆိုင်ရာအား Landscaping Design ရေးဆွဲခိုင်းထားပြီး ဖြစ်ကြောင်းနှင့် သီးခြားလိုအပ်ချက်များရှိလာပါက ချက်ချင်းတင်ပြပေးရန် ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ရုက္ခဗေဒ ဥယျာဉ်တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရုက္ခဗေဒဥယျာဉ် တည်ဆောက်နိုင်ရေး တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)