သတင်းဆောင်းပါး - မြင့်စိုး(နတလ)
အမည်ပြောင်းလဲခေါ်ဝေါ်
ရှေးယခင်က အချို့သင်တန်းကျောင်းများသည် သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်း ကျောင်းအမည်ဖြင့် ရပ်တည်ပေါ်ပေါက်လာခဲ့သည်။ အချို့သင်တန်းကျောင်းများကမူ သမဝါယမ သင်တန်းကျောင်းအမည်ဖြင့် ရှိနေခဲ့ပါသည်။ ယခု အခါ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် သင်ကြား ပေးမည့် ဘာသာရပ်များကို ပြင်ဆင်မွမ်းမံ၍ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းအမည်ဖြင့် မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပုသိမ်နှင့် မော်လမြိုင်မြို့တို့၌ လာမည့်ဇွန်လ ၁၆ ရက်နေ့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်တန်းကျောင်းများ၏ ရာဇဝင်နှင့် တည်နေရာ
မကြာသေးမီက ကျွန်တော်ရေးသားတင်ပြခဲ့ ဖူးသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းများကဲ့သို့ပင် သမဝါယမ စာရင်း ရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း များ၏ သမိုင်းနောက်ခံလေးများမှာ အောက်ပါ အတိုင်း အသီးသီး ရှိနေခဲ့ကြသည် -
(က) သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း(မန္တလေး)
ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာန လက်အောက်တွင် မန္တလေး ကူးသန်းရောင်းဝယ်ရေးပညာသင်ကျောင်းအမည်ဖြင့် ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာ လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေး ခဲ့သည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ တွင် သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း(မန္တလေး)ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက် ရပ်ကွက် ၈၃ လမ်းနှင့် ၂၅x၂၆ လမ်းကြားတွင် တည်ရှိနေပါသည်။
(ခ) သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း(မကွေး)
သမဝါယမဝန်ကြီးဌာန၏ ၁၉၉၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ ရက်စွဲပါညွှန်ကြားစာဖြင့် သမဝါယမသင်တန်းကျောင်း (မကွေး)ကို စတင်ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်။ မကွေး တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအနေဖြင့် အဆိုပါသင်တန်းကျောင်း ကို မကွေးမြို့နယ် ဆားတိုင်ကံကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် လက်ရှိနေရာဖြစ်သော မကွေးမြို့ အောင်မေတ္တာရပ်ကွက် မြင်းကင်းကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
(ဂ) သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)
သမဝါယမသင်တန်းကျောင်း(တောင်ကြီး)ကို ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းတပ်တွင်း ပညာပေးသင်တန်းကျောင်း၌ စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် လက်ရှိနေရာ တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
(ဃ) သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အရှေ့မြို့နယ် အမှတ် (၅) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်း ကျောင်းတွင် ၁၉၇၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ခဲ့သည်။ ယင်းမှ ၁၉၇၁/ ၁၉၇၂ ခုနှစ် တွင် ပုသိမ်အနောက်မြို့နယ် ပါတီယူနစ်ရုံး အား ပြုပြင်မွမ်းမံဖွင့်လှစ်ခဲ့သည်။ ၁၉၇၂/ ၁၉၇၃ ခုနှစ်တွင် အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ် သည်။ ၁၉၇၄/၁၉၇၅ ခုနှစ်တွင် လွန်ကန်သို့ ထပ်မံပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သမဝါယမ သင်တန်းကျောင်းအား ၁၉၉၉ ခုနှစ် စက်တင် ဘာလ ၁ ရက်နေ့တွင် နည်းပညာဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာဦးစီးဌာန နည်းပညာ ကောလိပ် GTC လွှဲပြောင်းပေးအပ်ပြီး ပုသိမ် လေယာဉ်ကွင်းရှေ့ရှိ ငြိမ်းချမ်းဝန်ဆောင်သမ ဝါယမအသင်း လီမိတက်တွင် ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပါသည်။ ဆက်လက်၍ ၂၀၀၀/ ၂၀၀၁ ခုနှစ် တွင် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သတ်မှတ်ပေးထားသော အမှတ် (၁၃) ရပ်ကွက်၌ သမဝါယမသင်တန်း ကျောင်းကို ဆောက်လုပ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
(င) သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)
အရှေ့တောင်တိုင်း သမဝါယမသင်တန်း ကျောင်းအမည်ဖြင့် ၁၉၇၀ ပြည့်နှစ်တွင် တိုင်းတပ်တွင်းပညာပေးသင်တန်းကျောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ ပညာရေး ဝန်ကြီးဌာနပိုင် ဗညားဒလဆောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၇၈ ခုနှစ်တွင်မူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့်သက်ဆိုင်သော ပြည်နယ်/တိုင်း သမဝါယမသင်တန်းကျောင်းအဖြစ် မော်လမြိုင် မြို့ မောင်ငံရပ် အရာတော်လမ်း၌ ဖွင့်လှစ်ခဲ့ပါ သည်။ ၂၀၀၁ ခုနှစ်တွင် သမဝါယမကူးသန်း ရောင်းဝယ်ရေးသင်တန်းကျောင်း ဖြစ်လာခဲ့ ပါသည်။
သင်တန်းကျောင်းများ၏ ရည်ရွယ်ချက်
သမဝါယမဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ခဲ့ သော သမဝါယမသင်တန်းကျောင်းများ၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းများသည် စာရင်းကိုင်ပညာ ကျွမ်းကျင်တတ်မြောက်သော လူငယ်များ မွေးထုတ်၍ စီးပွားရေးလုပ်ငန်း အသီးသီးတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ မိမိတတ်ကျွမ်းထားသော စာရင်းကိုင် ပညာကို အခြေခံ၍ နိုင်ငံတော်အား အထောက်အကူ ဖြစ်စေမည့် စာရင်းကိုင်ပညာနှင့် ကွန်ပျူတာပညာ ရပ်များကို လေ့လာသင်ယူခွင့်ရစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီးတွင် အခြေခံပညာကို ဆက်လက် သင်ယူရန် အခက်အခဲရှိသူများ၊ အကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ်ပညာ ဆက်လက်မသင်ကြားနိုင် သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ တက္ကသိုလ်ပညာကို ပေါင်းကူးတက် ရောက်ခွင့်ရရှိစေရန်အတွက် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း များအား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည် -
(က) ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူ များကို စာရင်းရေး စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊
(ခ) သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီး သူများထဲမှ ထူးချွန်သူများကို သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ယူနိုင်သည့် အခွင့် အလမ်းများရရှိနိုင်စေရန်။
သင်ကြားပို့ချပေးမည့် ဘာသာရပ်များ
အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက် အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများ အား လက်ခံ၍ နှစ်နှစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ ပထမနှစ်သင်တန်းတွင် စာရင်းရေးစာရင်းကိုင်ဘာသာရပ်၊ Fundamental ICT ဘာသာရပ်၊ သမဝါယမဘာသာရပ်များနှင့်အတူ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ် ပါသည်။ ဒုတိယနှစ်သင်တန်းများတွင်မူ စာရင်းရေး စာရင်းကိုင်ပညာကို အလေးထား၍ Cost Account-ing ၊ Financial Accounting၊ Business Accounting၊ Computerized Accounting၊ Business Organiza-tion and Management၊ သမဝါယမစာရင်းကိုင် ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များကို သင်ကြားပို့ချပေး မည်ဖြစ်ပါသည်။
လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ရှစ်တန်းအောင်ဆိုပေမဲ့လို့ ဒီအရွယ်လေးတွေ ဟာ ပီဘိကလေးငယ်အရွယ်လေးတွေပါပဲ။ မိဘ ရင်ခွင်ကခွာပြီး ဒီမှာကျောင်းလာတက်တုန်း ငါတို့ သေချာစောင့်ရှောက်ပေးရမယ်၊ ကျောင်းရဲ့လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးရမယ်၊ ရည်မှန်းချက် အတိုင်း စာရင်းရေးစာရင်းကိုင်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုနိုင်တဲ့ လူငယ်လူရွယ်တွေ မွေးထုတ် ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ သမဝါယမကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ဆက်လက် သင်ယူခွင့်ရစေဖို့ အလေးထားဆောင်ရွက်ကြရ မယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမြဲမှာကြား လေ့ရှိသည်။
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ သင်တန်းကျောင်း ငါးကျောင်းတွင် လက်ခံ ထားသည့် ကျောင်းသား ကျောင်းသူဦးရေအတိုင်း ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ နေ့စဉ်စားသောက်စရိတ်၊ ဝတ်စုံစရိတ် စသည်တို့ အပြင် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်းများနှင့် အားကစားပစ္စည်းများကိုပါ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်ရေး လိုက်လံစစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြသည်။ ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်များတွင် 7W မီးချောင်း ၁၈ ချောင်း၊ 6W မီးလုံး နှစ်လုံး တပ်ဆင် အသုံးပြုနိုင်သည့် 190W ဆိုလာပြား နှစ်ချပ်ဖြင့် ဆိုလာမီးစနစ် တပ်ဆင်ပေးထားသည်။ မိန်းကလေး ဆောင်များ၏ လုံခြုံရေးနှင့် နေထိုင်မှု စည်းကမ်း ကောင်းမွန်ရေးအတွက် ဂရုပြုဆောင်ရွက်ပေး ထားသည်။
သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ရာ လာမည့် နှစ်ဆိုလျှင် ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား သင်တန်းသူများ စုံစုံညီညီ တက်ရောက်ကြတော့ မည်ဖြစ်သည်။ နေထိုင်စားသောက်ရေးစရိတ်၊ စာသင်ဆောင်၊ အိပ်ဆောင်များလိုအပ်ချက်၊ သင်ကြား ရေးဆရာ ဆရာမများ လိုအပ်ချက်၊ ရေ၊ မီး၊ မိလ္လာ လိုအပ်ချက်များမှအစ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့ များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ် သည်။
ပုံရိပ်ကောင်းဖို့ ပြောင်းကြစို့
ကျွန်တော်တို့ငယ်စဉ်ကတည်းက နားရည်ဝ ခဲ့သော စကားတစ်ခွန်းမှာ သားဝ၊ မယားဝ သမ ဝါယမဟု ပြောဆိုနေကြခြင်းပင်ဖြစ်သည်။ အမှန် ကမူ လမ်းစဉ်ပါတီခေတ်ကတည်းက စတင်ခဲ့သော သမဝါယမစနစ်ကြီးက မကောင်း၍မဟုတ်၊ ချမှတ် ထားသောမူဝါဒများ အလွန်ကောင်းပါသည်။ အဆိုပါ မူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည် ဖော်ရာတွင် အားနည်းချက်များ ရှိခဲ့သည်။ သို့ရာ တွင် မည်သည့်နေရာ၊ မည်သည့်ဌာနတွင် တာဝန်ယူ ရသည်ဖြစ်စေ ဆိုးမွေ၊ ကောင်းမွေအားလုံးကို ခံယူ ကြရသည်ဖြစ်လေရာ အားနည်းချက်များကို သုံးသပ် ပြင်ဆင်၍ မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းများ ရရှိစေဖို့ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် များ၊ သမဝါယမကောလိပ်များ၊ ယွန်းကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ယခုဖွင့်လှစ်မည့် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း များအားလုံး၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ဦးစီးဌာန များ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကိုလည်း အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ ထိုနည်းတူစွာ သမဝါယမအသင်း (ဗဟို)မှသည် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ အသင်းစုချုပ်များ၊ အသင်းစုများ၊ အသင်းအဖွဲ့များ အနေဖြင့်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသား အားလုံး၏အကျိုးစီးပွားကို ဦးထိပ်ထားကာ မိမိတို့ စွမ်းအားရှိသလောက် ပူးပေါင်းပါဝင်ဆောင်ရွက် ကြမည်ဆိုပါလျှင် ကျွန်တော်တို့ဌာနအတွက်၊ ခေတ်အဆက်ဆက်မျှော်မှန်းခဲ့သော သမဝါယမ စနစ်အတွက် ပုံရိပ်ကောင်းတစ်ခု ရရှိမည်မှာ မလွဲပါပေ။