ဂျူး
ယေဘုယျအားဖြင့် ကျွန်မတို့ချစ်မြတ်နိုးတန်ဖိုးထားသူ တစ်စုံတစ်ဦး ကွယ်လွန်သည့်အခါ ကျွန်မတို့ဝမ်းနည်းကြေကွဲရရုံသာမက ကျွန်မတို့ဘ၀ထဲက အစိတ်အပိုင်းတချို့ပါ သူနှင့်အတူပါသွားလျက် ပျောက်ပျက်ဆုံးရှုံးရသည်။ လောကတစ်ခွင်၏ လည်ပတ်မှုသည် ဇောက်ထိုးပြောင်းပြန်ဖြစ်သွားသည်။ ထို့ကြောင့် ကျွန်မတို့သည် သူမရှိတော့သည့် မိမိဘ၀ကို နေသားကျအောင် ပြန်ပြီးပြုပြင်ဖို့ အချိန် အတော်ကြာအောင် အားတင်းရလေသည်။ သူနှစ်သက်သော သီချင်းများကိုကြားသည့်အခါ ကျွန်မတို့ မျက်ရည်ကျမိမည်။ သူနှစ်သက်သော ဟင်းလျာနှင့် အစားအသောက်များကို စားဖြစ်လျှင် သူ့ကို သတိရမိမည်။ တစ်ခါတစ်ခါ သူပြောသည့်စကားများကို နားတွင်ကြားယောင်လာမည်။ သူ့အပြုံး သူ့အရယ်တို့ကို တမ်းတမိမည်။ ပြီးတော့ မျက်ရည်ကျမိမည်။
ဆရာဦးထွန်းလွင် ကွယ်လွန်သည့်အခါမှာတော့ မြန်မာနိုင်ငံရှိ လူအများ သည် မိမိချစ်ခင်သောသူတစ်ဦးသာမက မိုးလေ၀သနှင့်ဇလဗေဒပညာအပေါ် တွယ်တာလျက် စိတ်အားထက်သန်သော ပညာရှင် စာရေးဆရာတစ်ဦးကိုပါ တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ နေပူလျှင်လည်း သတိရကြမည်။ ခရမ်းလွန်ရောင်ခြည်တွေ ကိုယ့်ဒေသမှာ ဘယ်လောက်တောင် မြင့်မားနေပြီ လဲဟု စိုးရိမ်ပူပန်သည့်အခါ ဆရာဦးထွန်းလွင်ကို တမ်းတမိကြလိမ့်မည်။ မိုးရွာစေလိုသည့်အခါလည်း သူ့ကို သတိရမည်။ မိုးများလွန်းလျှင်လည်း သူ့ကို သတိရမည်။ လေတိုက်လျှင်လည်း သတိရမည်။ မုန်တိုင်းသံကြားလျှင် ပိုပြီး တမ်းတမိလိမ့်မည်။ ကျွန်မတို့နေ့စဉ်ဘ၀သည် ပုံမှန်သို့ အချိန်ဘယ်လောက် ကြာမှ ပြန်ရောက်နိုင်ပါ့မလဲ။
မိုးလေ၀သအကြောင်း၊ ဖြစ်နိုင်ခြေမုန်တိုင်းတွေအကြောင်း၊ ကြိုတင် ပြင်ဆင်မှုတွေအကြောင်း၊ မုန်တိုင်းအတွင်း ဘေးကင်းအောင်ဆောင်ရွက်သင့် သည့်နည်းလမ်းများအကြောင်း ဆရာပြောပြသမျှကို ကျွန်မတို့အားလုံး မှတ်သားခဲ့ကြရသည်။ ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး ပြောခဲ့သည့် အကြောင်းအရာများကို ကျွန်မတို့ သတိရနေကြမည်။ သဘာ၀ဘေးအန္တရာယ် အဆိုးရွားဆုံး ရင်ဆိုင်ရမည့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံသည် ထိပ်ဆုံးနားတွင် ပါဝင်ကြောင်း မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆရာ ဟောပြောသတိပေးခဲ့သည် ကို မှတ်မိနေကြသူတွေ ရှိလိမ့်မည်။ သူမရှိတော့သည့်အခါ ပြင်ဆင်ဆောင်ရွက် သင့်သည့် အကြောင်းအရာများ၊ အချက်အလက်များကို အရေးတကြီး လုပ်ဆောင်ရန် စည်းရုံးလှုံ့ဆော်ပေးမည့်သူ တစ်ယောက်ယောက်ကို ကိုယ်စား ထားခဲ့ရန် ဆရာသတိရှိရှိ စဉ်းစားစီစဉ်နေခဲ့သည်ကို ကျွန်မ သိခဲ့ပါသည်။ ဆရာ့မှာ အချိန်သိပ်မကျန်တော့သည်ကို သူ့ကိုယ်သူ ရိပ်မိနေခဲ့သည်ဟု ကျွန်မ ထင်သည်။ သို့သော် ဆရာထွက်ခွာသွားသည်ကတော့ အလျင်လိုလွန်းသည်ဟု ခံစားရပါသည်။
ဆရာ့ကို ကျွန်မ စသိခဲ့ချိန်တွင် ဆရာက မောင်ထွန်းလွင် မိုးလေ၀သ ကလောင်ဖြင့် စာရေးရန် စတင်နေဆဲဖြစ်သည်။ ဆရာ့ကို စပြီးသိခဲ့သည်က ခွန်မျိုး၏အိမ်မှာ။ ဆရာက စကားပြောကောင်းသည်။ ဟာသဉာဏ်ရှိသည်။ ချက်ကျလက်ကျ ဧည့်ခံစကားဆိုတတ်သည်။ စာဖတ်ဝါသနာပါရုံမက ကိုယ်တိုင် စာရေးဖို့ စတင်နေသူမို့ စာရေးဆရာဖြစ်နေသော ကျွန်မကို ခင်မင်သည်။ ဆရာ့အိမ်မှာ ပထမဆုံးအကြိမ် ဆရာဖိတ်ခေါ်ဧည့်ခံသော ညစာစားပွဲကို ကျွန်မ ယခုတိုင် သတိရနေသည်။ ဆရာအငြိမ်းစားယူပြီးနောက် ဆရာ့ ဟောပြောပွဲများကို နားထောင်ဖြစ်လာသည့်အခါမှာ ဆရာ့ စကားပြောစွမ်းရည် ကို ပိုပြီး အံ့ဩလေးစားလာမိသည်။ ဆရာက ကျွန်မထက် ဆယ်နှစ်တိတိကြီး သော်လည်း ကျွန်မကိုဆရာမဟုပဲ ခေါ်၏။ ကျွန်မတို့တစ်တွေ ကိုမြင့်မောင်ကျော် နှင့်အတူ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲတွေ ပြုလုပ်သည့်အခါ ဆရာက အမြဲကျွန်မတို့ကို ကူညီခဲ့သည်။ ကျွန်မတို့ သင်တန်းတွေ ပြုလုပ်သည့် အခါ ဆရာ့ကို ပညာရှင်အဖြစ် ဖိတ်ကြားတိုင်း ဆရာက တက်ကြွစွာ ကူညီ ဆောင်ရွက်ပေးခဲ့သည်။ ဆရာနှင့်ပတ်သက်ပြီး ကျွန်မ အမြဲသတိရနေတော့မည့် စကားသုံးခွန်းရှိသည်။
ပထမစကားကတော့ ဥက္ကာပျံတွေဟာ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်း ခံပြီး ကမ္ဘာမြေကို အလင်းရောင်ပေးတယ် ဟူသောစကား။ သူသည်သူ့ကိုယ်သူ လည်း လောင်ကျွမ်းလိုက လောင်ကျွမ်းပါစေ မြန်မာနိုင်ငံကို အလင်းရောင် ပေးသူ ဖြစ်လိုသည်။ ထိုစကားကို ကျွန်မ အလွန်နှစ်သက်ပါသည်။ နှလုံးသား ထဲမှာလည်း နက်ရှိုင်းစွာ ခံစားရပါသည်။
နောက်စကားနှစ်ခွန်းကတော့ ဟာသဉာဏ်ဖြင့် ကျွန်မတို့ကို ရယ်ရွှင် အောင် ပြောခဲ့သောစကားများ ဖြစ်သည်။
ဘရာဇီးကွင်းနှင့် စလင်းကွင်းတဲ့။
ဆရာက ဟောပြောပွဲမှာ ဖြစ်စေ၊ သင်တန်းပို့ချရန်ဖြစ်စေ စကားပြောလျှင် အချိန်များများလိုချင်သည်။ တစ်ခါတစ်ခါ ကျွန်မတို့က ဆရာ့အား နာရီဝက် လောက်၊ မိနစ်လေးဆယ်လောက်ဟု အချိန်ကို ကန့်သတ်လျှင် ဆရာ ရယ်မောရင်း ပြောလေ့ရှိသည့်စကားတစ်ခွန်းက ဘရာဇီးကွင်းမှာ ကန်နေကျလူကို စလင်း ကွင်းမှာ ကန်ခိုင်းသလိုတော့ မလုပ်နဲ့ဗျတဲ့။ ဆရာပြောနေကျ ရာသီဥတု ပြောင်းလဲခြင်းအကြောင်းရင်းများ၊ အကျိုးဆက်များ၊ ကာကွယ်ရန်နည်းလမ်း များ၊ လိုက်လျောညီထွေဖြစ်အောင် စီမံဆောင်ရွက်ခြင်းများအကြောင်းဆို သည်မှာ နာရီဝက်နှင့် လောက်ငသည်ဟု ဘယ်ရှိမလဲ။ ကျွန်မတို့ ဆရာနှင့်အတူ လိုက်ရယ်မောကြရသည်။
နောက်တစ်ခုကတော့ ကျွန်မကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ပို့စ် တင်ပြီး နောက်ပြောင်ခဲ့သည့် စကားလေးပါ။
ဆရာမ များမယ်နော် တဲ့။
ဆရာက နှစ်သစ်ကူးချိန် ဒီဇင်ဘာ ၃၁ ရက်ညတိုင်း မိတ်ဆွေအပေါင်း အသင်းများကို သူ့အိမ်မှာ ဆုံတွေ့ပြီး စားသောက်စကားပြော ရွှင်လန်းစေဖို့ ဖိတ်ခေါ်လေ့ရှိသည်။ ဒီဇင်ဘာ ၃၀ ရက်နှင့် ၃၁ ရက်များသည် မန္တလေးတွင် ကျွန်မတို့ ဆရာဝန်သူငယ်ချင်းတစ်စု ဆရာကန်တော့ပွဲ ကျင်းပနေကျရက်တို့ ဖြစ်တတ်သည်မို့ ဆရာ့ဆီ ရောက်သည့်နှစ်က နည်းပါသည်။ နှစ်ကူး နှစ်ကြိမ် တော့ ဆရာ့အိမ်သို့ ကျွန်မ ရောက်ခဲ့သည်။ ကျွန်မတစ်ခါတုန်းက ဆရာနှင့်အတူ ပြောရသော ဟောပြောပွဲတစ်ခုတွင် ချမ်းချမ်း၏ တကယ်ဆို အချစ်ပဲလိုတယ် သီချင်းကို တစ်ကြောင်းနှစ်ကြောင်းထည့်ပြီး သီဆိုမိတော့ ဆရာက မှတ်ထား သည်။ ကျွန်မလာလျှင် ဟေ့ ဆရာမအတွက် ချမ်းချမ်းဖွင့်ပေးပါဟေ့ဟု နှိုးဆော်တတ်၏။ တကယ်တော့ ကျွန်မ ထိုသီချင်းကို မဆိုတတ်ပါ။
တစ်ပိုဒ်၏ တစ်ပိုင်းတစ်စလောက်သာ ဆိုကြည့်ခဲ့ခြင်းဖြစ်ပေမယ့် ဆရာကတော့ နားထောင်မည်ပဲ။ ထိုညများသည် စိတ်ရွှင်လန်းချမ်းမြေ့ရသော ညများ ဖြစ်ခဲ့ သည့်အတွက် ဆရာ့ကိုရော မညည်းမညူစီစဉ်ပေးသည့် ဆရာ့ ဆူပါမွန်း မမူ (မူမူသန်း)ကိုရော ကျေးဇူးတင်လှပါသည်။ ကျွန်မကို ဝိုင်ခွက်လေးနှင့် အမြဲ ဧည့်ခံလေ့ရှိသဖြင့် ကျွန်မကလည်း သောက်ခဲ့သည်။ အလွန်ဆုံး တစ်ခွက် နှစ်ခွက်ပေါ့။ သို့သော် ကျွန်မရှေ့မှာ ကျွန်မနှင့်အတူ ဆရာဖေမြင့်တို့၊ ဆရာ အော်ပီကျယ်တို့ အတူတူ ရှိနေတတ်တာမို့ ဝိုင်ပုလင်းတွေ၊ ဝီစကီပုလင်းတွေ ရှိနေတတ်သည်။ ဘယ်တုန်းက ဘယ်သူက ဘယ်လို ဓာတ်ပုံရိုက်လိုက်သည်မသိ။ ပြုံးရယ်နေသည့် ကျွန်မရှေ့မှာ ဝိုင်ခွက်နှင့်အတူ ထိုပုလင်းတို့ အစီအရီဖြစ်နေ သည်ကို ဓာတ်ပုံထဲတွင် မြင်ရသည်။ ဆရာက ထိုပုံကို အောက်မှာ စာသားဖြည့် ထည့်လိုက်ပြီး ကျွန်မကို နောက်သည်။ ဆရာမ များမယ်နော်တဲ့။ ဘယ်လောက် ချစ်စရာကောင်းလိုက်သည့် ဟာသကွက်လဲ။
ဟာသဉာဏ်ရွှင်သူ ဆရာသည် မျက်ရည်ကျဖို့လည်း လွယ်နေတတ် သေး၏။ ကွယ်လွန်ပြီးသည့် အမေကို ကြေကွဲစွာတမ်းတတတ်သောသား တစ်ယောက်အဖြစ် ကျွန်မ ဆရာ့ကို သိသည်။ လူပုံအလယ်မှာ စင်မြင့်ထက်မှာ စကားပြောရင်း မိဘအကြောင်း ပါသွားလျှင် မျက်ရည်ကျတတ်သည့်ကျွန်မသည် အမေ့အကြောင်းပြောရင်း မျက်ရည်ကျ အသံတုန်ယင်သွားတတ်သည့် ဆရာ့ကို ကိုယ်ချင်းစာမိပါသည်။ ထိုအကြောင်းနှင့် ပတ်သက်လျှင် ဆရာ့စာတစ်ပုဒ် ဖြစ်သော ငယ်ချစ်ကို ကျွန်မတို့ ပြန်သတိရကြပါလိမ့်မည်။
ဆရာ့အကြောင်း ကျွန်မတို့ ပြန်ပြောပြသည့်အခါ မပါမဖြစ် ပါဝင်ရမည့် ကဏ္ဍတစ်ခု ရှိ၏။ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး ဆရာဆောင်ရွက်ချက် များနှင့် ဆရာ ခံစားခဲ့ရသည့် ပူပင်သောကများ ဖြစ်ပါသည်။ နည်းပညာ ချို့တဲ့ သော အခြေအနေကြားမှ ခေတ်မမီတော့သည့်နည်းဖြင့် တွက်ချက်ယူကာ သတင်းထုတ်ပြန်ပေးနေရသော မိုးလေ၀သနှင့် ဇလဗေဒဌာန၏ ညွှန်ကြား ရေးမှူးချုပ်တစ်ယောက်အနေဖြင့် နာဂစ်မုန်တိုင်းကြိုတင်သတိပေးချက်ကို မိမိဘက်က အရေးတကြီး သတင်းထုတ်ပြန်ပေးပါလျက် မုန်တိုင်းနှင့် အနီးဆုံး ဒေသများဆီသို့ သတင်းပျံ့နှံ့အောင်ဖြန့်မပေးနိုင်ကြသည့် ဌာနအချို့မှ ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ သည့်အဖြစ်ကို ဘယ်တော့မှမေ့နိုင်မည်မဟုတ်။ နာဂစ်မုန်တိုင်းသည် ဆရာ့ အတွက် ဘယ်တော့မှ မဖြေဆည်နိုင်တော့သည့် နာကျင်မှုတစ်ခုအဖြစ် စူးနစ်စွာ ကျန်ရစ်ခဲ့သည်ကို ကျွန်မတို့ သိနေခဲ့သည်။ ကျွန်တော်နှင့်နာဂစ် သို့မဟုတ် ပန်းနဲ့ပေါက်တာလည်း နာချင်တယ်ဆိုသော စာအုပ်ကို သူ မည်သည့် နှလုံးသားဖြင့် ရေးသားထုတ်ဝေခဲ့ကြောင်း ကျွန်မ သိနေပါသည်။
မိုးလေ၀သပညာရှင်ဖြစ်သည့် ဆရာ့ကို ကျွန်မတို့ တမ်းတရမည့်အဖြစ် တွေ များစွာရှိသည့်အနက် ကျွန်မအတွက်ကတော့ သတိရစရာတွေပိုများ နေမှာပါပဲ။ ကျွန်မစိတ်ဝင်တစားသိချင်သော တိမ်မျှင် တိမ်တောင် မိုးတိမ်တောင် စသည့် တိမ်နှင့်ပတ်သက်သည့် ဝေါဟာရများကို စိတ်လိုလက်ရရှင်းပြပေးခဲ့သည်မဟုတ်လား။ လေယာဉ်စီးသည့်အခါ လေယာဉ်တစ်ချက်လှုပ်လျှင်၊ ပြင်ပလေစီးကြောင်းထဲ ရောက်သွားလျှင် ကျွန်မကတော့ ဆရာပြောခဲ့သည့် စိုက်ဆင်းလေကြောင်းဆိုတာကို ရင်ဆိုင်နေရတာများလားဟု စိုးရိမ်တကြီး ပြန်သတိရပြီး ဘုရားတနေဖြစ်ဦးမှာပါ။ မိုးရာသီမှာဖြစ်တတ်သော စိုက်ဆင်း လေကြောင်းနှင့်ပတ်သက်ပြီး ဆရာက ပြောသေး၏။ မြန်မာနိုင်ငံရဲ့ လေယာဉ် တွေက စိုက်ဆင်းလေကြောင်းကို ဆန့်ကျင်နိုင်တဲ့လေယာဉ်တစ်စင်းမှ မရှိဘူး ဆရာမတဲ့။ အားတက်စရာ တစ်ကွက်မှ မရှိပါလား။ လေယာဉ်အတူစီးကြသည့် အခါလည်း ဆရာကတော့ ပြုံးပြုံးပါပဲ။ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် အတူသွား ခဲ့ကြဖူးသည်။ ကောလင်းသို့ ကားဖြင့် အတူသွားခဲ့ကြဖူးသည်။ ကျွန်မ နှစ်သက် သော မာမာအေး၏သီချင်းတို့ကို ဆရာနှစ်သက်နေတာ တအံ့တဩသိခဲ့ ကြည်နူးခဲ့ရဖူးသည်။
ရာသီဥတုပြောင်းလဲခြင်းအပေါ် တစိုက်မတ်မတ် သတိပေးနေခဲ့သော မိုးလေ၀သပညာရှင် ဆရာ့ကျေးဇူးကို အောက်မေ့တမ်းတသည့် အထိမ်း အမှတ်ဖြင့် ဆရာ့တပည့်များ၊ ဆရာ့ကို ချစ်ခင်လေးစားသူများက သစ်ပင် စိုက်ပျိုးကြမည်ဟု သိရပါသည်။ နှစ်ရှည်သီးပင်ဖြစ်သော သရက်ပင်တို့သည် ဆရာ့ကိုယ်စား ကျွန်မတို့ကို ခိုလှုံရာအရိပ်ကို ပေးပါလိမ့်မည်။ ဆရာ့စိတ် အတိုင်း လောကကို စိမ်းလန်းနေစေပါလိမ့်မည်။ သစ်ပင်အရိပ်အာဝါသ မြင်ကွင်းတို့ဖြင့် ဆရာ့ကို သတိရနေကြလိမ့်မည်။ မြစ်ပြင်ရေပြင်တို့ မြင်ကွင်းဖြင့် ဆရာ့ကို သတိရနေကြလိမ့်မည်။ မြစ်ဆုံဆိုလျှင် ဆရာ့ကို သတိရကြလိမ့်မည်။ မြစ်ဆုံရေကာတာကို အတိအလင်းဆန့်ကျင်သူတွေထဲမှာ ဆရာက ထိပ်ဆုံးမှာ ပါဝင်ခဲ့သည်။ အဘယ်ကြောင့်ရေကာတာကို မဆောက်သင့်ကြောင်း အချက် အလက်တို့ဖြင့် လူထုကို ရှင်းပြခဲ့သူဖြစ်သည်။ ဆရာ့ကို လေးစားသူတို့သည် ဆရာ့ကို ကျေးဇူးတင်စွာ သတိရအောက်မေ့ရင်း ဆရာ ဆောင်ရွက်လက်စ ဖြစ်သော လှုပ်ရှားမှုများကို လက်ဆင့်ကမ်း ဆောင်ရွက်ကြလိမ့်မည်ဟု ကျွန်မ ယုံကြည်ပါသည်။