မန်စီးတီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို ရရှိဖို့ နွေဈေးကွက်အထိ စောင့်စားမှာ မဟုတ်ဘဲ လာမယ့် ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။
မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၁ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းက ကိုဗစ်-၁၉ကပ်ကြောင့် ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေတာကြောင့် ဘာစီလိုနာဘက်က မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက ထွက်ခွာခွင့်ပြုရေးထက် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ ပြန်လည် ရရှိဖို့ ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ ထုတ်ရောင်းမယ်လို့ မန်စီးတီးဘက်က ယုံကြည်နေတာဖြစ်ပါတယ်။
မက်ဆီကို ရရှိဖို့ အသင်းအတော်များများက စိတ်ဝင်စားမှု ရှိပေမယ့် ကစားသမားအတွက် ပေးချေရမယ့် မြင့်မားတဲ့လစာကြောင့် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အဓိက အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ မက်ဆီရဲ့ လစာအတွက် ငွေကြေး သုံးစွဲဖို့ အသင့်အနေအထားမှာ ရှိနေသလို မက်ဆီကလည်း အခြားအသင်းထက်ဆို ဆရာဟောင်း ဂွါဒီယိုလာနဲ့ ပြန်ပေါင်းစည်းရေး လိုလားတာကြောင့် မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ လမ်းခွဲကို မကြာမီမြင်တွေ့ရဖွယ်ရှိနေတယ်လို့ The Sun သတင်းဌာနက ဖော်ပြပါတယ်။
မေလဲ့သင်း