နယူးယောက်  အောက်တိုဘာ   ၂၃

အမေရိကန်ပြည်ထောင်စု အချို့ပြည်နယ်များရှိ မက်ဒေါ်နယ်စားသောက်ဆိုင်များတွင် ရောင်းချသည့် ဟမ်ဘာဂါများ စားသုံးမိခြင်းနှင့်ဆက်စပ်၍ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု  ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

ယင်းသို့ဖြစ်ပွားမှုကြောင့် တစ်ဦးသေဆုံးပြီး လူအချို့ဖျားနာခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင် များက ဆက်လက်ပြောကြားသည်။  မက်ဒေါ်နယ်ဆိုင်များမှ  ရောင်းချသည့်   ဟမ်ဘာဂါနှင့် ဆက်စပ်၍ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က   အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။ အမေရိကန်အနောက်ပိုင်းနှင့်  အနောက် အလယ်ပိုင်းပြည်နယ်များမှ အသက် ၁၃ နှစ်မှ  ၈၈ နှစ်ကြား  လူပေါင်း ၄၉ ဦးမှာ ဖျားနာခြင်းများ ခံစားရပြီး ကော်လိုရာဒိုပြည်နယ်၌ အသက်ကြီးပိုင်းတစ်ဦး သေဆုံးခဲ့သည်ဟု    အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်    ကာကွယ်ရေးဌာနက ပြောသည်။

ဖျားနာခြင်းခံစားရသည့် ၁၈ ဦးအနက် ၁၂ ဦးကို မေးမြန်းကြည့်ရာ ၎င်းတို့မဖျားမီ ဟမ်ဘာဂါ စားမိကြောင်း ဖြေကြားခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များကပြောသည်။ အစာအဆိပ်သင့်ခြင်း မှာ အီကိုလိုင်းပိုးကြောင့်  ဖြစ်ပွားရခြင်းဖြစ်ပြီး   ကူးစက်ခံရသူအများစုမှာ   ပြင်းထန်ဗိုက်အောင့် ခြင်းနှင့် ဝမ်းလျှောခြင်းကဲ့သို့ လက္ခဏာများခံစားရကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

ရောဂါဖြစ်ပွားသူဦးရေမှာ ဆက်လက်တိုးလာဖွယ်ရှိပြီး ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး    သက်ဆိုင်ရာအာဏာပိုင်များက   စုံစမ်းစစ်ဆေးမှုများ    ဆက်လက်ပြုလုပ်ရန်စီစဉ်ထားကြောင်း၊  ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဟမ်ဘာဂါတွင်  အသုံးပြုထားသည့်ကြက်သွန်နီ များကြောင့် အစာအဆိပ်သင့်မှုဖြစ်ပွားနိုင်ခြေရှိကြောင်း မက်ဒေါ်နယ်ဘက်က  အောက်တိုဘာ ၂၂ ရက်တွင်  ကြေညာချက်ထုတ်ပြန်ခဲ့သည်။  အဆိုပါဖြစ်စဉ်ကြောင့် မက်ဒေါ်နယ်ကုမ္ပဏီ၏    ရှယ်ယာများသည်  ၁၀  ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်းသိရသည်။

အင်န်အိတ်ချ်ကေ